News

POST TYPE

NEWS

လှိုင်သာယာတွင် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူများအား ဖမ်းမိ
22-Aug-2019
ရန်ကုန်၊ သြဂုတ် ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လာရှာသည့် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့သည့်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရသည့် အသက် ၂၀ နှစ်အရွယ်ရှိ အမျိုးသမီးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် မေလက လှိုင်သာယာတွင် နေထိုင်သည့် ၎င်း၏ သူငယ်ချင်းထံ လာရောက်၍ အလုပ်ရှာနေစဉ် ကိုမောင်ဇော်နှင့် တွေ့ဆုံခဲ့သည်။

ကိုမောင်ဇော်မှ ၎င်းတို့အား တစ်လ စားရိတ်ငြိမ်း ကျပ်နှစ်သိန်းရမည့် အလုပ်ကို ရှာပေးမည်ဟု ပြောသဖြင့် လိုက်သွားခဲ့ရာမှ ပြည့်တန်ဆာအလုပ်ကို အဓမ္မစေခိုင်းခြင်း ခံခဲ့ရပြီး တစ်လခန့်အကြာ လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သော အမည်မသိ အမျိုးသားတစ်ဦးက ၎င်းနှင့်အတူ ညအိပ်ရန် ပြည့်တန်ဆာ ခေါင်းထံ ကျပ် ၆၅၀၀၀ ပေး၍ အမျိုးသမီးအား ခေါ်ဆောင်ခဲ့ပြီးနောက် ကယ်တင်ခဲ့သည်။

ပြည့်တန်ဆာအလုပ်မှ လွတ်မြောက်ခဲ့သူ အမျိုးသမီးမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ ၎င်း တွေ့ကြုံခဲ့ရသည့် ဖြစ်စဉ်များကို ပြန်လည်ပြောကြားခဲ့သဖြင့် သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ) ၂၂၇၀/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၀ (က) ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သော တည်းခိုခန်း မန်နေဂျာ ဦးကျော်အေး (၆၅) နှစ်၊ ဒေါ်ချော (၅၅) နှစ်နှင့် မအိခိုင်စိုး (၃၄) နှစ်တို့ကို ဖမ်းဆီးခဲ့သည်။

ယင်းအမှုတွင် ပါဝင်သော ကျော်လေးနှင့် မော်ဇော်တို့ နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03


  • VIA