News

POST TYPE

NEWS

ပုဂံယဉ်ကျေးမှုဒေသအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ၄၀၀ကျော်ရှိ
30-Jul-2016

မန္တလေး၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုပြယုဂ် တစ်ခုဖြစ်သော ပုဂံ - ညောင်ဦး ဒေသရှိ ပုဂံယဉ်ကျေးမှုဇုန် နယ်မြေအတွင်း မည်သည့်ဌာနမှ ခွင့်ပြုပေးထားခြင်း မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ၄၄၃ လုံးခန့် တွေ့ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်းအရာရှိက ပြောကြားသည်။

“အရေးယူတဲ့ အပိုင်းက ချက်ချင်း လုပ်လို့ မရပါဘူး။ အရင်ဆုံး သတိပေး အကြောင်းကြားစာ (Notice) ပေးရတယ်။ သုံးကြိမ် ပေးရတယ်။ သုံးကြိမ် ပေးလို့မှ ဆက်လုပ်ရင် ရှေးဟောင်း ဥပဒေနဲ့အညီ အရေးယူတယ်။ ကျွန်တော်တို့ ရှေးဟောင်းဥပဒေအရ တစ်ချို့သော အကြောင်းအရာတွေမှာ ပြင်းထန်တာတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

၂ဝ၁၅ ခုနှစ်က ရွှေစည်းခုံဘုရားဘေးအနီး ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခြင်းကြောင့် အရေးယူခဲ့ရာ လက်ရှိအချိန်ထိ တရားရင်ဆိုင် နေရမှုများ ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် မေလက ကျူးကျော် အဆောက်အအုံ သုံးလုံး ထပ်မံ တွေ့ရှိခဲ့သောကြောင့် သတိပေး အကြောင်းကြားစာ ပေးပို့ခဲ့၍ ဖျက်သိမ်း သွားခဲ့ကြောင်း၊ နန်းကြည့်ကုန်းတွင် ကျူးကျော်အိမ် လေးလုံး ဆောက်လုပ်နေခြင်းကိုလည်း သတိပေး အကြောင်းကြားခဲ့ရာ လူနေထိုင်ခြင်း မရှိသော်လည်း ဖျက်သိမ်းခြင်း မရှိသည်ကို တွေ့ရကြောင်း အဆိုပါ အရာရှိက ရှင်းပြသည်။

“ဧဒင် ဟိုတယ်ထဲမှာ Foundation ချနေတာ တွေ့လို့ လွန်ခဲ့တဲ့ နှစ်လ လောက်ကတည်းက ဆက်မဆောက်ဖို့  Notice ပေးထားတယ်။ ဆက်လုပ်မယ်ဆိုရင်တော့ ဘယ်လို အရေးယူ ဆောင်ရွက်ရမလဲဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြရပါလိမ့်မယ်”ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယဉ်ကျေးမှုဇုန်အတွင်းရှိ လူနေရပ်ကွက်ကို မြို့ပြဧရိယာအဖြစ် သတ်မှတ်ပေးရန်၊ လူနေဧရိယာကို ထင်သာ မြင်သာအောင် နယ်နိမိတ် သတ်မှတ်၍ စည်ပင်သာယာ ဥပဒေဖြင့် စီမံခန့်ခွဲပေးရန်၊ တိုးလာသည့် လူဦးရေအတွက် မြေယာစီမံကိန်း အသစ် (Future Town Plan) ဆောင်ရွက်ပေးရန်လိုကြောင်း ပုဂံဒေသခံများက  ပြောဆိုသည်။

ပုဂံယဉ်ကျေးမှု ဒေသအတွင်း ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ထားမှုမှာ ညောင်ဦးမြို့နယ် အမှတ် (၃)နယ်မြေ၊ ငှက်ပစ်တောင်တွင် ၄၃ လုံး၊ အမှတ် (၁) နယ်မြေ သာယာဝတီရပ်ကွက်၊ ကူနှီးဘုရားအနီးတွင် ၂၅ လုံး၊ အမှတ် (၁) နယ်မြေ၊ သိရိမင်္ဂလာ ရပ်ကွက်တွင် ၅၄ လုံး၊ ရွှေကုန်းရပ်ကွက်တွင် ၁၆ လုံး၊ အမှတ် (၅) နယ်မြေ၊ နန်းကြည့်ကုန်းတွင် ၃၁ လုံး၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အနောက်ဘက်တွင် ၁၅ လုံး၊ ပုဂံမြို့သစ် ရွှေတွင်းရပ်ကွက်တွင် ၃၃ လုံး၊ ပုဂံမြို့သစ် မြောက်ပိုင်းတွင် ကိုးလုံး၊ ကန်တော့ပလ္လင် ဘုရားအနီးတွင် ၆၄ လုံး၊ ပုဂံမြို့ဟောင်း ဧရာဇက်ဆိပ်တွင် ၄၇ လုံး၊ အာနန္ဒာဘုရား မြောက်ဘက်တွင် ၂၅ လုံး၊ ဗူးဘုရားအနီးတွင် ၅၁ လုံး၊ မြင်းကပါရွာတောင်ဘက် ကွက်သစ်တွင် ၃ဝ လုံးရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးပြတိုက်ဦးစီး ဌာန(ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

  • VIA