News

POST TYPE

NEWS

ဟောင်ကောင်ဆန္ဒပြပွဲများနှင့်ပတ်သက်၍ သက်ကြီးမျိုးဆက်များက လူငယ်များကို မကျေမနပ်ဖြစ်
20-Aug-2019


ဟောင်ကောင်၊ ဩဂုတ် ၁၉ 

ဟောင်ကောင်တွင် လတ်တလော ဖြစ်ပေါ်နေသော ဒီမိုကရေစီရေးဆန္ဒပြပွဲများ အဆုံးမသတ်နိုင်ဘဲ ဖြစ်နေရုံမျှမက ဆူပူအကြမ်းဖက်သည့်သဘောမျိုး ဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်၍ သက်ကြီးပိုင်း မျိုးဆက်များက လူငယ်မျိုးဆက်များကို ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် မတူညီသည့် မျိုးဆက်အကြား အချေအတင်ပြဿနာများ ပေါ်ပေါက်လျက်ရှိကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

အငြင်းပွားဖွယ် တရားခံလွှဲပြောင်း ပေးရေး ဥပဒေကြမ်းဖျက်သိမ်းရေးကိစ္စ စတင်ခဲ့စဉ်က ဆန္ဒပြပွဲများမှာ ငြိမ်းချမ်းသည့် အသွင်ဆောင်ခဲ့သည်။ သို့သော် သီတင်းပတ်များစွာ ကြာမြင့်လာပြီးနောက် ဆန္ဒပြမှုများမှာ အကြမ်းဖက်သည့်သဘောမျိုးဖြစ်လာချိန်တွင် ဟောင်ကောင်ပြည်သူများ၊ အထူးသဖြင့် သက်ကြီးပိုင်းမျိုးဆက်နှင့် သက်ငယ်ပိုင်းမျိုးဆက်တို့အကြား မကျေမလည်ဖြစ်မှုများ မြင့်တက်လာခဲ့သည်။ 

“အဲဒီလူငယ်တွေက သူတို့ဘာလုပ် နေတယ်ဆိုတာကို သူတို့မသိကြဘူး၊ သူတို့လုပ်ခဲ့တာကြီးက မဟားတရားဖြစ်လွန်းတယ်။ တကယ်လို့ ချီတက်ဆန္ဒပြတာလုပ်မယ်ဆိုလည်း ဆက်လုပ်ပါ။ ဒါပေမဲ့ သူတို့ လုပ်နေတာတွေက ဆန္ဒပြတယ်ဆိုတဲ့ ဘောင်ကို ကျော်လွန်သွားပြီ”ဟု အသက် ၈၂ နှစ်အရွယ်ရှိ မစ္စတာဝေငါမန်ကစ်က CNA သို့ ပြောကြားသည်။ 

“ကျွန်တော်တို့ သက်ကြီးပိုင်းတွေက တစ်ခုတည်း ရိုးရိုးမတွေးဘူး။ အရေးကိစ္စတွေကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်တယ်၊ ပြဿနာတစ်ခုမှာ ဘက်တစ်ဖက်တည်းကိုပဲ နားမထောင်ဘူး”ဟု ၎င်းက ဆိုသည်။ 

လတ်တလော ဆူပူအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည့် ဟောင်ကောင်ရဲတပ်ဖွဲ့ကို သက်ကြီးပိုင်းမျိုးဆက်က ထောက်ခံသည်။ “ရဲတပ်ဖွဲ့က သူတို့အလုပ် သူတို့ လုပ်နေတာ၊ ဆန္ဒပြမှုတွေကိုကိုင်တွယ် ဖြေရှင်းနေတာ၊ ဆန္ဒပြတဲ့သူတွေက ခဲတို့၊ ဘာတို့စတဲ့ တစ်စုံတစ်ခုနဲ့ သူတို့ကို ပစ်ပေါက်မှသာသူတို့က ပြန်တုံ့ပြန်ကြတာ”ဟု ၎င်းက ဆက်လက်သုံးသပ်သည်။ 

ဝမ်တိုင်စင်အိမ်ရာတွင်နေထိုင်သော မစ္စလောင်ဆိုသူ အမျိုးသမီးကလည်း “သူတို့က ဒီမှာမွေးပြီး ဒီမှာကြီးတာ၊ ခုလို မဟုတ်တာတွေ လုပ်နေတော့ သူတို့ ဘာတွေများ အမြတ်ထွက်မှာလဲ”ဟု မေးခွန်းထုတ်သည်။ 

“သူတို့မှာ စားစရာမရှိလို့လား၊ ဒါမှမဟုတ် အလုပ်ကောင်းကောင်းမရှိလို့လား၊ ဘာလို့ခုလိုဆန္ဒတွေပြနေကြရတာလဲ”ဟုလည်း ဝေဖန်သည်။ 

အကယ်၍ ဟောင်ကောင်နှင့်ပတ်သက်၍ မကျေနပ်စရာရှိသည်ဆိုပါက အစိုးရနှင့် တဖြည်းဖြည်းချင်း ဆွေးနွေးညှိနှိုင်းသင့်သည်ဟု သက်ကြီးပိုင်းအမျိုးသားတစ်ဦးက သုံးသပ်သည်။ 

“သူတို့က ယဉ်ကျေးမှုရှိတဲ့သူတွေပါ။ ဒါပေမဲ့ ဘာလို့ခုလိုအကြမ်းဖက်တာတွေ လုပ်ကြရတာလဲ”ဟုလည်း ဆန္ဒပြအင်အားစုများ အကြမ်းဖက်သည့်ကိစ္စနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။ 

ဟောင်ကောင်မြို့တွင် ဆန္ဒပြမှုများကြောင့် သွားရေးလာရေးခက်ခဲနေမှုအပေါ် မကျေမနပ်ဖြစ်နေသောမစ္စတာချောင် ဟောင်ဝမ် (၆၀ နှစ်) ကမူ လူငယ်ဆန္ဒပြ အင်အားစုများ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ဝေဖန်သည်။ 

“ဘာဖြစ်လို့ လမ်းတွေလျှောက်ပိတ်ပြီး ကားတွေသွားမရအောင် လုပ်နေရကြတာလဲ။ သူတို့က လွတ်လပ်ခွင့်လိုချင်ကြတယ်၊ ဒါပေမဲ့ သူတို့ကအခြားသူတွေရဲ့ လွတ်လပ်မှုကို ထိခိုက်ပျက်ပြားအောင် လုပ်နေတာ” 

F-01



  • VIA