News

POST TYPE

NEWS

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်ကို အသေးစိတ်မဖတ်ဘဲ လက်မှတ်ထိုးခဲ့ဟု တိုင်းလျှပ်စစ်ဝန်ကြီးဟောင်း ထွက်ဆို
19-Aug-2019


ထားဝယ်၊ သြဂုတ် ၁၉

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို သေချာစွာမဖတ်ကြည့်ဘဲ သက်သေနေရာတွင် လက်မှတ်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်က တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ သြဂုတ်လ ၁၉ ရက်နေ့ အမှုရုံးချိန်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ကွက်လပ်များပါဝင်နေခဲ့ပြီး ယင်းစာချုပ်ကို တိုင်းတရားလွှတ်တော်သို့ သက်သေခံအဖြစ် တင်သွင်းထားသည်။

တိုင်းအစိုးရတစ်ခုတည်းနှင့်သာ စာချုပ်ချုပ်ဆိုထားသည့် GGS ကုမ္ပဏီသည် နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးများ မပေးသွင်းခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့်အတူ GGS ကုမ္ပဏီ တာဝန်ရှိသူ များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည်။

GGS နှင့် တိုင်းအစိုးရဖွဲ့တို့အကြား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ချုပ်ဆိုခဲ့သည့် အထက်ပါ စာချုပ်တွင် ဦးကြည်လှိုင်က အသိသက်သေနေရာတွင် လက်မှတ်ထိုးထားသည်။

လျှပ်စစ်ဝန်ကြီးဟောင်း ဦးကြည်လှိုင်က စာချုပ်ကို အသေးစိတ်ဖတ်ရှုခြင်းမရှိဘဲ အကြမ်းဖျင်းသာ ဖတ်ရှုခဲ့ကြောင်း တရားခွင်အတွင်း ထွက်ဆိုသည်။

အထက်ပါ စာချုပ်ရှိ အချက်အလက်ရေးသွင်းရမည့် နေရာအချို့တွင် ကွက်လပ်များချန်လှပ်ထားခဲ့ပြီး ထိုသို့ချန်လှပ်ရခြင်းမှာ ကုမ္ပဏီမှ အင်ဂျင်စက်များရောက်ရှိမည့်နေ့ရက်၊ အင်ဂျင်ထားရှိမည့် မြေနေရာ၊ အင်ဂျင်စက်၏ လျှပ်စစ်ထုတ်လုပ်နိုင်မည့် မဂ္ဂါဝပ်တို့ကို မတွက်ချက်ရသေးသည့်အတွက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုလိုအပ်ချက်များကို စာချုပ်မချုပ်ဆိုမီ အမှန်တစ်ကယ်တွက်ချက်နိုင် / မနိုင်ကို မသိကြောင်း ဦးကြည်လှိုင်က တရားခွင်အတွင်း ဆိုသည်။

စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေ မေးမြန်းချိန်တွင် အဆိုပါစာချုပ် ၎င်းထံရောက်ရှိလာချိန်တွင် လုပ်ကိုင်ခွင့်ပြုသူနေရာ၌ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က လက်မှတ်ထိုးထားပြီးဖြစ်ကြောင်း ဦးကြည်လှိုင်က ဖြေဆိုသည်။

စာချုပ်တွင် ဦးဝင်းရှိန်လက်မှတ်ထိုးထားသည်မှာ သေချာပါသလားဟု အဆိုပါအကျိုးဆောင်ရှေ့နေက ထပ်မေးရာ သေချာပါသည်ဟု ၎င်းက ပြောသည်။

တိုင်းအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းရှိန်ကမူ အဆိုပါစာချုပ်ရှိ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ(GGS)၊ အသိသက်သေများ(ဦးကြည်လှိုင် အပါအဝင်) အစရှိသည့်နေရာတွင် လက်မှတ်ထိုးပြီးမှသာ ၎င်းထံစာချုပ်ရောက်လာကြောင်း တရားခွင်အတွင်း ထွက်ဆိုထားသည်။

သက်သေနေရာတွင် လက်မှတ်ထိုးထားသည့် တိုင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏတို့က စာချုပ်တွင် လက်မှတ်ထိုးပြီးဖြစ်သည့်အတွက် စာချုပ်ကို သေချာစွာမဖတ်တော့ဘဲ လုပ်ကိုင်ခွင့်ပြုသူနေရာတွင် လက်မှတ်ထိုးပေးလိုက်ကြောင်း ဦးဝင်းရှိန်က ထွက်ဆိုထားခဲ့သည်။

တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းရှိန်ကို ဇူလိုင်လအစောပိုင်းက စစ်ဆေးခဲ့ပြီးဖြစ်သည်။

လျှပ်စစ်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ စာချုပ်ကိစ္စအပြင် အခြားကိစ္စများကိုလည်း စစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။

GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

Dawei Watch