News

POST TYPE

NEWS

ရုရှားတွင်ကျင်းပသည့် International Army Games တွင် မြန်မာ့တပ်မတော် အဆိုအကအတီး အကောင်းဆုံးဆုရရှိ
19-Aug-2019

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်၊ သြဂုတ် ၁၉

ရုရှားနိုင်ငံတွင် ကျင်းပသည့် International Army Games-2019 ပြိုင်ပွဲ၌ မြန်မာ့ တပ်မတော်ယဉ်ကျေးမှု အဖွဲ့က ပြိုင်ပွဲဝင် ၉ နိုင်ငံအတွင်း အဆိုအကောင်းဆုံးဆု၊ အက အကောင်းဆုံးဆုနှင့် အတီးအကောင်းဆုံးဆုတို့ ရရှိခဲ့ ကာကွယ်ရေးဦးစီးချူပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ International Army Games-2019 ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၉ နိုင်ငံပါဝင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး စစ်မြေပြင် စွမ်းရည်ပြိုင်ပွဲ ၃၂ မျိုး ပါဝင်ကာ ရုရှားနိုင်ငံအပါအဝင် ၁၀ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြိုင်ပွဲကို မြန်မာ့တပ်မတော် အနေဖြင့် ဒုတိယအကြိမ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့် သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်မြေပြင် ဆေး တပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၎င်းအပြင် ပြိုင်ပွဲများ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Creative Competition သို့လည်း မြန်မာ့ တပ်မတော်မှ ယဉ်ကျေးမှုအဖွဲ့က မြန်မာ့ရိုးရာ တူရိယာပစ္စည်းများ၊ သီချင်းများ၊ အကများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာသံချပ်ကာတပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်နိုင်ငံ ၃၂ နိုင်ငံအနက် အုပ်စု ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့်ထိ တက်ရောက် နိုင်ခဲ့ကာ အကြိုဗိုလ်လုပွဲစဉ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) တွင် တာဂျစ်ကစ္စတန်၊ ဗီယက်နမ်နှင့် ယူဂန်ဒါနိုင်ငံတို့နှင့် ယှဉ်ပြိုင်မောင်းနှင်ခဲ့သည်။

ထိုသို့ ယှဉ်ပြိုင်မောင်းနှင်ရာတွင် စံချိန် ၂ နာရီ ၂၁ မိနစ် ၀၁ စက္ကန့်ဖြင့် ထိပ်ဆုံးမှ ပန်းဝင် နိုင်ခဲ့သော်လည်း ယှဉ်ပြိုင်စဉ်အတွင်း ယူဂန်ဒါ တင့်ယာဉ်မှ မိမိတင့်ယာဉ်လမ်းကြောင်းအတွင်းသို့ လမ်းကြောင်းလု ဝင်ရောက်မောင်းနှင်ခဲ့သဖြင့် ယာဉ်ပွတ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြိုင်ပွဲစည်းကမ်း အရ ဗိုလ်လုပွဲသို့တက်ရောက်ခွင့်လွှဲချော်ခဲ့ရခြင်းများရှိသည်။

ထို့ကြောင့် သံချပ်ကာပြိုင်ပွဲမှာနိုင်ငံအလိုက်အဆင့် ၁၃ နေရာတွင် လည်းကောင်း၊ အခြား စစ်မြေပြင် စွမ်းရည်ပြိုင်ပွဲအသင်းများဖြစ်ကြသည့် ဆေးတပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၁၂ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းအနက် နိုင်ငံအလိုက် အဆင့် ၅ နေရာတွင် လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၂၁ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၂၃ သင်းအနက် နိုင်ငံအလိုက် အဆင့် ၁၅ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်နိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

စိုင်းဟန်




  • VIA