News

POST TYPE

NEWS

ဥပဒေပိုင်းဆိုင်ရာ အကူအညီလိုသူများကို အခမဲ့ကူညီပေးမည်
19-Aug-2019


ပုသိမ်၊ သြဂုတ် ၁၉

အလုပ်သမား၊ လယ်သမားအရေး၊ မြေယာအရေးနှင့် အခြားပြစ်မှုဆိုင်ရာကိစ္စများတွင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုသည့် ငွေကြေးအခက်အခဲရှိသူများကို အခမဲ့ကူညီပေးမည်ဖြစ်ကြောင်း ပုသိမ်ခရိုင် ဥပဒေအထောက်အကူပြုသူများကွန်ရက်ထံမှ သိရှိရသည်။

ပြည်သူလူထုအတွင်း တရားမျှတမှုရရေး၊ လက်လှမ်းမီစေရေး မြန်မာနိုင်ငံတစ်ဝန်းလုံး တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းကွန်ရက်ကို အစိုးရက ဖွဲ့စည်းပေးခြင်းဖြစ်ပြီး ထောက်ပံ့မှုပေးကြောင်း ယင်းကွန်ရက် ဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်က ပြောကြားသည်။

အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်အောက်ရရှိပြီး အမှန်တကယ်ငွေကြေးအခက်အခဲရှိသူများကို ဥပဒေပိုင်းဆိုင်ရာကိစ္စများ၊ ရှေ့နေလိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး အရက်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူများအတွက် ဥပဒေအသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကွန်ရက်လုပ်ငန်းစဉ်တွင် ဖော်ပြပါရှိသည်။

ဥပဒေအထောက်အကူအပြုကွန်ရက်ကို USAID က ငွေကြေးထောက်ပံ့ကာ NAMATI က နည်းပညာပံ့ပိုးပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ၂၆ မြို့နယ် ဖွဲ့စည်းထားပြီး ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ သာပေါင်း၊ ကျောင်းကုန်းမြို့နယ်များတွင် ရုံးဖွင့်ထားကြောင်း ဧရာဝတီတိုင်း ဥပဒေအထောက်အကူပြုကွန်ရက်ထံမှ သိရသည်။

R-12

ဓာတ်ပုံ - မောင်မျိုးထက်