News

POST TYPE

NEWS

လားရှိုးမြို့တိုက်ခိုက်ခံရမှု စစ်ရှောင် ၈၀၀ ကျော် မန်ဆူရှမ်းကျောင်း၌ ခိုလှုံ
18-Aug-2019

လားရှိုး၊ ဩဂုတ် ၁၈ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးဝန်းကျင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်ပစ်ခတ်နေမှုကြောင့် ဒေသခံရွာသား ၈၀၀ ကျော်မှာ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတွင် တိုက်ပွဲရှောင်ရောက်ရှိခိုလှုံလျက်ရှိကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

“ရပ်ကွက် ၁၂ တာပုံ ကျေးရွာနားက အောင်သစ္စာတိုးချဲ့ရပ်ကွက်က ဒေသခံတွေနဲ့ တာပုံရွာမှာရှိတဲ့ မိဘမဲ့ဂေဟာက ကလေးတွေဖြစ်တယ်။ ညပိုင်းမှာ ဘုရားဖူးအဖွဲ့တစ်ဖွဲ့က မပြန်နိုင်တော့လို့ ကျောင်းကိုရောက်လာကြတာလေ။ ဆရာတော်ကတော့ ဒုက္ခရောက်လာတဲ့သူတွေ၊ တိုက်ပွဲရှောင်လာသူတွေ အားလုံးကို ကျွေးမွေးစောင့်ရှောက်ပေးမှာပါ”ဟု လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ (ရှမ်း) ကျောင်းဆရာတော် ဘဒ္ဒန္တပုညနန္ဒက မိန့်ကြားသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များက ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လားရှိုးမြို့နှင့် ၁၂ မိုင်အကွာ ပြည်ထောင်စုလမ်းပေါ်သို့ အသွား အလာ မော်တော်ယာဉ်များကို ပစ်ခတ်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်ကို ပစ်ခတ်ခြင်းနှင့် လူနာတင်ယာဉ်များကို ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် လားရှိုးမြို့အထွက်ရှိ အမှတ်(၆ဂ) ခြေလျင်တပ်ရင်းကိုလည်း အဝေးမှလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါတပ်ရင်းအနီးရှိ အောင်သစ္စာ တိုးချဲ့ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းသို့ပစ်ခတ်ရာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ရာ နှစ်ဦးဒဏ်ရာရခဲ့သည့်အတွက် ဒေသခံများမှာ မန်ဆူ(ရှမ်း)ကျောင်းတွင် တိုက်ပွဲရှောင်လာရောက် နေထိုင်ကြခြင်းဖြစ်သည်။

စစ်ရှောင်များကို လားရှိုးမြို့ရှိ ဒုတိယပြည်နယ်အုပ်ချုပ်ရေးဌာန မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီနှင့် စေတနာရှင်အလှူရှင်များက ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆန်အိတ်ပေါင်း ၁၄၀ အပါအဝင် ပစ္စည်း ၁၀ မျိုး၊ သောက်ရေနှင့် ငွေကြေးများကို ထောက်ပံ့လှူဒါန်းခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ တပ်မတော်ရိက္ခာပို့ ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျောက်မဲ၊ သီပေါမြို့နယ်များအတွင်း နွားတင်ယာဉ်မောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ဂုတ်တွင်းတံတားအပါအဝင် နေရာအချို့ကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင် ၁၅ ဦး သေဆုံးခဲ့သည်။

ယင်းနောက် ဩဂုတ်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လားရှိုးအပါအဝင် မြို့လေးမြို့တွင် ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ဆောင်သည့် ပရဟိတအဖွဲ့က ဥက္ကဋ္ဌတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိအခြေအနေတွင် လားရှိုးမြို့၊ သိန်းနီ၊ ကျောက်မဲ၊ နောင်ချိုနှင့် ကွတ်ခိုင်မြို့တို့ရှိ စာသင်ကျောင်းများ၊ ဈေးများနှင့် ဈေးဆိုင်များ၊ ကားဂိတ်များပိတ်ထားကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ အနယ်နယ် အရပ်ရပ်သို့ အသွားအလာ ပြတ်တောက်လျက်ရှိသည်။

R-07