News

POST TYPE

NEWS

အာဖဂန်တွင် မင်္ဂလာဆောင်အတွင်း ဗုံးဝင်ခွဲခံရသဖြင့် လူ ၆၃ ဦးသေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ
18-Aug-2019

ကဘူးလ်၊ သြဂုတ် ၁၈

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင်ကျင်းပနေသော မင်္ဂလာဆောင်တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၆၃ ဦးသေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

မင်္ဂလာဆောင် အခမ်းအနား ပြုလုပ်ကျင်းပနေစဉ် အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများကို ခလုတ်ဆွဲလိုက်ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက BBC သတင်းဌာနကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာသည် ရှီးယိုက် မွတ်ဆလင်များ ထူထပ်ရာနေရာဖြစ်ပြီး ဒေသစံတော်ချိန် ည ဆယ်နာရီခွဲကျော်ကျော်တွင် ယင်းဖောက်ခွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။

တာလီဘန်များက ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားပြီး မည်သည့်အဖွဲ့ကမှလည်း သူတို့လုပ်ကြောင်း ကြေညာခြင်းမရှိသေးပေ။

ဆွန်နီမွတ်ဆလင် စစ်သွေးကြွများဖြစ်ကြသည့် တာလီဘန်နှင့် IS တို့သည် အာဖဂန်နှင့် ပါကစ္စတန်တို့တွင် ရှီးယိုက်များကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိဖူးသည်။

ဗုံးခွဲပြီးနောက် အချိန်အတန်ကြာတွင် သေဆုံးသူ အရေအတွက်ကို အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုပေးခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် တက်လာသော ဓာတ်ပုံများအရ မင်္ဂလာဆောင်ခန်းမနေရာတွင် ထိုင်ခုံ၊ စားပွဲများ ပြန့်ကျဲလျက်ရှိပေသည်။

အာဖဂန်နစ္စတန်မင်္ဂလာဆောင်များသို့ လူရာပေါင်းများစွာ တက်လေ့ရှိပြီး ယောက်ျားများက တစ်ဖက်၊ အမျိုးသမီးများနှင့် ကလေးများကတစ်ဖက် ထိုင်လေ့ရှိကြသည်။

အမျိုးသားဘက်ခြမ်းတွင် ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့သည်ဟု မင်္ဂလာဆောင်သို့ လာသည့်ဧည့်သည် မိုဟာမက်ဖာဟက်က ပြောကြားခဲ့သည်။

“လူတိုင်းထွက်ပြေးလာပြီး အော်ဟစ်နေကြတယ်”ဟု ၎င်းက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

“မိနစ် ၂၀ လောက် ကြာအောင်ကို အခန်းထဲမှာ မီးခိုးတွေ ပြည့်နေခဲ့ပါတယ်။ ယောက်ျားတွေ အပိုင်းထဲက လူတိုင်းလောက်နီးပါး သေကုန်၊ ဒဏ်ရာရကုန်ကြတယ်”ဟု ၎င်းကဆိုသည်။

F-02