News

POST TYPE

NEWS

သီလဝါစက်မှုဇုန်တွင် တရားမဝင်ဓာတ်မြေဩဇာအိတ် လေးသောင်းကျော် တွေ့ရှိသဖြင့် အရေးယူမည်
18-Aug-2019

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန် သီလဝါစက်မှုဇုန်တွင် တရားမဝင် ပြန်လည်ထုပ်ပိုးနေသည့် မြေဩဇာများ စစ်ဆေးတွေ့ရှိခဲ့ရာ မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ဩဂုတ်လ ၉ ရက်နေ့က ကျောက်တန်း ဖွံ့ဖြိုးရေးဇုန်ရှိ သီလဝါပြည်တွင်း စက်မှုဇုန် (B)၊ ဂိုဒေါင်အမှတ် (၁၀၇) သို့ သတင်းအရ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ သီလဝါပြည်တွင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်စစ်ဆေးရာ Best Bull Agriculture Technology Co.,Ltd. မှ တရားမဝင်ထုတ်လုပ်နေသည့် ရွှေပွား၊ ကုလားအုတ်၊ သံကွင်းနှင့် AFC အမှတ် တံဆိပ်ပါ ယူရီးယားဓာတ်မြေဩဇာ စုစုပေါင်း ၄၁,၉၄၁ အိတ်ကို တွေ့ရှိခဲ့ပြီး ယင်းမြေဩဇာများသည် မူလခွင့်ပြုထားသည့်မှတ်ပုံတင်နှင့် လိုင်စင်ပါအမှတ် တံဆိပ်ထုတ်လုပ်မှုမှန်ကန်ခြင်းမရှိသည့်အတွက် ဂိုဒေါင်ကို ချိပ်ပိတ်ခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“ဥပဒေကြောင်းအရပဲ မြေဩဇာ ဥပဒေအရ အရေးယူသွားမှာပါ။ လက်ရှိကတော့ ကုမ္ပဏီဘက်ရော၊ Document တွေရော၊ ပစ္စည်းတွေရဲ့အရည်အသွေးတွေရော စစ်ဆေးနေတယ်။ ပြစ်မှုမြောက်တယ်ဆိုရင်တော့ တရားရုံးရဲ့စီမံခန့်ခွဲမှုအရ ဖြစ်မှာပေါ့”ဟု စိုက်ပျိုးရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

စစ်ဆေးရေးအဖွဲ့များက ဆက်စပ်ကုမ္ပဏီများကို ဆက်လက်စိစစ်၍ ဓာတ်ခွဲခန်းသို့ နမူနာများပေးပို့စစ်ဆေးပြီး မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီပြီး အာဟာရဓာတ်ပါဝင်မှုအချိုးအပေါ် မူတည်၍ သင့်တင့်သည့်ဈေးနှုန်းရှိသည့် သွင်းအားစု မြေဩဇာများဝယ်ယူသုံးစွဲနိုင်ရေး၊ မြေဩဇာအတုအပကင်းစင်ရေးအတွက် မှတ်ပုံမတင်ထားသည့် မြေဩဇာများကို သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိရောင်းချခြင်းများ တွေ့ရှိပါက မြေဩဇာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဩဇာကော်မတီ၏ ကြီးကြပ်မှုဖြင့် ထုတ်လုပ်၊ တင်သွင်းမှတ်ပုံတင်နှင့် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ယင်းခွင့်ပြုချက်အရ မှတ်ပုံတင်ထားသည့်အမှတ်တံဆိပ်နှင့် ခွင့်ပြုထားသည့်မြေဩဇာအမျိုးအစားအတွက်သာ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချခြင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး အခြားအမှတ်တံဆိပ်နှင့် မြေဩဇာအမျိုးအစားအတွက် ဆောင်ရွက်လုပ်ကိုင်ခွင့် မရှိကြောင်းနှင့် မြေဩဇာကော်မတီက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

J-11