News

POST TYPE

NEWS

အီရန် ရေနံတင်သင်္ဘော ဂရေ့စ်ဝမ်းကို သိမ်းဆည်းရန် အမေရိကန် ဝရမ်းထုတ်
18-Aug-2019



တီဟီရန်၊ ဩဂုတ် ၁၇ 

အီရန် ရေနံတင်သင်္ဘော ဂရေ့စ်ဝမ်းကို ပြန်လွှတ်ပေးရန် ဂျီဘရော်လ်တာ နိုင်ငံက ဆုံးဖြတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်တရားရေးဌာနက သိမ်းဆည်းရန် ဝရမ်းထုတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရေနံစိမ်းပီပါ ၂.၁ သန်း တင်ဆောင်လာသော ဂရေ့စ်ဝမ်း ရေနံတင်သင်္ဘာသည် ဆီးရီးယားသို့ တရားမဝင် ရေနံတင်ပို့သည်ဟူသော စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၄ ရက်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

အီရန်ရေနံတင်သင်္ဘောကို ဆက်လက် ထိန်းသိမ်းထားရန် အမေရိကန်က နောက်ဆုံး မိနစ်အထိ ကြိုးပမ်းခဲ့မှုကို ကြာသပတေးနေ့တွင် ဂျီဘရော်လ်တာက ပယ်ချခဲ့သည်။

ဂရေ့စ်ဝမ်းအား ထိန်းသိမ်းထားမှုသည် ဥပဒေနှင့် မညီသော စွက်ဖက်မှုဟု အီရန်က ကန့်ကွက်ထားသည်။ ဂရေ့စ်ဝမ်း ထိန်းသိမ်းခံရပြီး နှစ်ပတ်အကြာတွင် အီရန်က လက်တုံ့ပြန်သည့်အနေနှင့် ဗြိတိန်ရေနံတင် သင်္ဘော Stena Impero ကို ဟော်မုဇ် ရေလက်ကြားတွင် ဖမ်းဆီးခဲ့သည်။

ဝါရှင်တန်က အီရန်ရေနံတင် သင်္ဘောနှင့် တင်ဆောင်ထားသော ရေနံများအား နိုင်ငံတကာ အရေးပေါ် စီးပွားရေး အက်ဥပဒေ၊ ဘဏ်လိမ်လည်မှု၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်ဝါဒ ဆက်နွှယ်မှု ဥပဒေများအရ သိမ်းဆည်းနိုင်သည်ဟု ပြောကြားသည်။ 

ထို့အပြင် အီရန် တော်လှန်ရေး အစောင့်တပ်နှင့် ပတ်သက်နေသော ပါရာဒိုက်စ်ဂလိုဘယ်ထရေးဒင်း ကုမ္ပဏီ၏ အမေရိကန်ဘဏ် ငွေစာရင်းတစ်ခုမှ ဒေါ်လာ ၉၉၅,၀၀၀ ကိုလည်း သိမ်းဆည်း ရန် အမေရိကန်က အမိန့်ထုတ်ပြန် ထားသည်။

အီရန်တော်လှန်ရေး အစောင့်တပ် ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားသည်။

ဂရေ့စ်ဝမ်းသည် အီးယူအရေးယူ ပိတ်ဆို့မှုကို ခံနေရသော ဆီးရီးယားကဲ့သို့ နိုင်ငံများထံ ရေနံရောင်းချခြင်းမရှိကြောင်းကို အီရန်ထံမှ အာမခံချက် ရရှိထားသည်ဟု ဂျီဘရော်လ်တာအစိုးရက ပြောကြားသည်။

ဗြိတိသျှပိုင် ဂျီဘရော်လ်တာ၏ ဝန်ကြီးချုပ် ဖေဘီယံပီကာဒိုက “ဆီးရီးယား အာဆတ်အစိုးရကို ဒေါ်လာ သန်း ၁၄၀ ဖိုးလောက် ရေနံတွေမရအောင် ကျွန်တော်တို့ ဖြတ်တောက်ခဲ့ပြီး ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဂရေ့စ်ဝမ်း ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးရန် တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ပီကာဒိုက ရေနံတင်သင်္ဘောပေါ်တွင် တင်ဆောင်ထားသော ရေနံပမာဏကို တွက်ချက်ပြီးလျှင် ယနေ့ သို့မဟုတ် မနက်ဖြန်တွင် ပြန်လည်ထွက်ခွာနိုင်မည်ဟု ပြောကြားသည်။

ဗြိတိန်နှင့် ဂျီဘရော်လ်တာသည် အမေရိကန်ပြည်ထာင်စု၏ ဝရမ်းကို တုံ့ပြန်ဆောင်ရွက်ရန် ဝတ္တရားမရှိပေ။

F-04