News

POST TYPE

NEWS

ဂျပန်-မြန်မာ လူငယ်များ မြို့တော်ဟောင်းများကို သွားရောက်၍ လူမှုစီးပွားပြဿနာများကို လေ့လာမည်
17-Aug-2019

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသား ၁၅ ဦး ဂျပန်နိုင်ငံရှိ မြို့တော်ဟောင်း ကျိုတိုကို ၁၂ ရက်ကြာ သွားရောက်၍ လူမှုစီးပွားပြဿနာများကို လေ့လာမည်ဖြစ်ကြောင်း ဩဂုတ် ၁၇ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်၌ ပြုလုပ်သော International Develop-ment Field Camp 2020 သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

International Development Field Camp 2020 အစီအစဉ်ဖြင့် ဂျပန်-မြန်မာ နှစ်နိုင်ငံမှ လူငယ် ၃၀ ဦးပေါင်းပြီး “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် လေ့လာရေးခရီးစဉ် သွားမည်ဖြစ်ပြီး ဂျပန်လူငယ် ၁၅ ဦး ပါဝင်သောအဖွဲ့က မြန်မာနိုင်ငံမြို့တော်ဟောင်း မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကို ၁၂ ရက်ကြာ လေ့လာမည်ဖြစ်သည်။

လက်ရှိ ဖြစ်ပေါ်နေသော လူမှုစီးပွားပြဿနာများကို ဘက်ပေါင်းစုံမှ ပြောင်းလဲတွေးခေါ်တတ်စေရန်ဖြစ်ပြီး နှစ်နိုင်ငံလူငယ်များ၏ ရင်းနှီးမှုခိုင်မာစေခြင်းတို့ကို ဦးစားပေး၍ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည်တို့ကိုဆွေးနွေး၍ အကြံဉာဏ်များ ဖလှယ်နိုင်စေရန်ရည်ရွယ်ကြောင်း ယင်းအဖွဲ့အစည်း၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“IDFC 2019 Camp တုန်းက ပါတဲ့လူတွေက အခုအချိန်မှာ ထိထိရောက်ရောက် လူထုအကျိုးပြုတွေကိုလုပ်တယ်။ IDFC 2020 မှာလည်း ကိုယ့်ရဲ့လူ့ပတ်ဝန်းကျင်အပေါ် တကယ်အကျိုးပြုမယ့်လူတွေကို မွေးထုတ်ပေးဖို့ရည်ရွယ်ထားပါတယ်”ဟု ၎င်းက ပြောကြားသည်။

International Development Field Camp ကို ၂၀၁၄ တွင် လူငယ် ဗဟိုပြုအဖွဲ့အစည်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံမှ လူငယ်များ ချစ်ကြည်ရေးနှင့် အနာဂတ်အကျိုးစီးပွား တိုးတက်စေရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လူငယ် ၁၀၀ ကျော်ကို စခန်းသွင်းလေ့ကျင့်ပေးခဲ့သည်။

ကျော်ဖြိုး