News

POST TYPE

NEWS

ငွေအလွဲသုံးစားပြုလုပ်မှုဖြင့် ဧရာဝတီဘဏ်ခွဲမှ အငယ်တန်းစာရေး အပါအဝင် လေးဦးကိုဖမ်းဆီး
16-Aug-2019
ရန်ကုန်၊ သြဂုတ် ၁၆

မရမ်းကုန်းမြို့နယ်အတွင်းရှိ ဧရာဝတီဘဏ်ခွဲတစ်ခုမှ အငယ်တန်းစာရေး အမျိုးသမီးတစ်ဦး အပါအဝင် လေးဦးကို ကျပ်သိန်းနှစ်ထောင်ကျော် အလွဲသုံးစားပြုလုပ်မှုဖြင့် သြဂုတ် ၁၅ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက်က မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်ရှိ ဧရာဝတီဘဏ်ခွဲမှ အငယ်တန်းစာရေးဖြစ်သူ မနှင်းဝေဦး (၂၆ နှစ်)မှာ အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သည့် ငွေစာရင်းကိုအသုံးပြု၍ ကျပ်သိန်း ၂၁၀၀ ကို ၎င်း၏ချစ်သူဖြစ်သူ ဖြိုးဝေစိုး (၂၅ နှစ်)၏ ငွေစာရင်းသို့ လွှဲပြောင်းပေးခဲ့သည်။

ဖြိုးဝေစိုးမှာ အဆိုပါငွေစာရင်းထဲမှ ကျပ်သိန်း ၁၇၀၀ ကို လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲတွင်ထုတ်ယူခဲ့သဖြင့် ဘဏ်ရှိ CCTV မှတ်တမ်းများကို စစ်ဆေးရာမှ ပြစ်မှုကျူးလွန်ရာတွင် မနှင်းဝေဦး၊ ဖြိုးဝေစိုးနှင့် နောက်ထပ်နှစ်ဦး ယင်းအမှုတွင် ပါဝင်ပတ်သက်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုတွင် ပါဝင်ပတ်သက်နေသူများကိုစုံစမ်းခဲ့ရာ သြဂုတ် ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၌ တိမ်းရှောင်နေသော ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများကို ဖမ်းဆီးရမိခဲ့သည်။

“လေးယောက်စလုံး ဖမ်းဆီးထားတယ်။ ကျန်တဲ့သူတွေက အားပေးကူညီသူတွေပေါ့။ သူတို့ကို ဆက်ပြီးစစ်ဆေးနေတယ်”ဟု ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ပြစ်မှုကျူးလွန်သူများထံမှာ ကျပ်သိန်း ၁၀၈၀ နှင့်အတူ ဝယ်ယူထားသည့် ရွှေထည်ပစ္စည်းများကို သိမ်းဆည်းရမိပြီး မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၀၈/ ၁၁၄ (စာရေးမှ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု/ အားပေးကူညီမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03