News

POST TYPE

NEWS

ရေဘေးကူညီရန် လာသည်ဆိုသော လိုင်စင်မဲ့မော်တော်ယာဉ် လေးစီးဖမ်းမိ
16-Aug-2019

တောင်ငူ၊ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တန် ၁၀၀ ကျ ဆန်စက်အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် သြဂုတ် ၁၅ ရက်နေ့ည ၁၁ နာရီခန့်က ရေဘေး ကူညီရန်လာသည်ဟုဆိုသော လိုင်စင်မဲ့ ကုန်တင်ယာဉ်လေးစီးကို ဖမ်းဆီးရမိခဲ့သည်ဟု ညောင်လေးပင်မြို့မရဲစခန်းမှသိရသည်။

မော်တော်ယာဉ်ဥက္ကဋ္ဌ ပြောပုံအရ ရေဘေးကိုလာတယ် ပြောတယ်။ ယာဉ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းပြခိုင်းတော့ မပြနိုင်ဘူး။ ရဲကိုဖုန်းဆက်ပြီး အသိပေးချိန် ထွက်ပြေးသွားကြတယ်လို့ သိရတယ် ဟု ညောင်လေးပင်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ညက ညောင်လေးပင်မြို့နယ်မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများသည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော ကုန်တင်ယာဉ်လေးစီးကို ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်းများ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် နယ်မြေခံရဲတပ်ဖွဲ့ထံ အသိပေးအကြောင်းကြားစစ်ဆေးရာမှ တရားမဝင် လိုင်စင်မဲ့ယာဉ်များ ဖြစ်နေသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု ညောင်လေးပင်မြို့မ ရဲစခန်းမှသိရသည်။

အမှုနှင့်ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းမှ (ပ) ၃၆၂ /၂၀၁၉ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်ထားသည်ဟု ယင်းရဲစခန်းမှသိရသည်။

R-15