News

POST TYPE

NEWS

ပလက်ဝမြို့နယ် ဘောင်ဝရွာအနီး တိုက်ပွဲဖြစ်၍ ရွာသား ၂၀၀ ကျော် တိမ်းရှောင်
08-Aug-2019

ကလေး၊ ဩဂုတ် ၈

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘောင်ဝရွာအနီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဘောင်ဝကျေးရွာမှ ရွာသား ၂၀၀ ကျော်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန (ပလက်ဝမြို့) ရုံးမှ သိရသည်။

ဩဂုတ်လအတွင်းမှ စ၍ ဘောင်ဝကျေးရွာအနီး တောင်ကုန်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ကျေးရွာအတွင်းသို့ ကျည်ဆန်များကျရောက်လာသည့်အတွက် ရွာသားများသည် ဩဂုတ်လ ၆ ရက် နေ့ နံနက်ပိုင်းမှ စတင် ပြောင်းရွှေ့ခဲ့ကြရာ ဩဂုတ်လ ၆ ရက်နေ့ ညနေတွင် တိုက်ပွဲလွတ်ရာ အောက်သဲမ၀ကျေးရွာ၌ ခိုလှုံနေကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာမှာရှိတဲ့ နေအိမ်တွေမှာပဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက စီစဉ်နေရာချထားပေးတယ်။ ဒီက ပရဟိတအဖွဲ့တွေလည်း ပြောင်းရွှေ့လာတဲ့သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့ လုပ်နေကြပြီ။ ကျွန်တော်တို့လည်း ထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ပလက်ဝမြို့ရုံးမှ တာဝန်ခံ ဦးကျော်သူထွန်းက ပြောဆိုသည်။

ဘောင်ဝကျေးရွာမှ အောက်သဲမ၀ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူဦးရေမှာ အိမ်ထောင်စု ၃၇ စုမှ ၂၀၄ ဦးဖြစ်သည်။

R-20