News

POST TYPE

NEWS

လူ့အခွင့်အရေးကော်မရှင်သို့ ရန်ကုန်တိုင်းက အများဆုံး တိုင်ကြား
07-Aug-2019


ရန်ကုန်၊ ဩဂုတ် ၇

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမှုများတွင် ရန်ကုန်တိုင်းက အများဆုံးဖြစ်ကြောင်း ကော်မရှင် ညွန်ကြားရေးမှူး ဒေါက်တာဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။

ရန်ကုန် မြောက်ပိုင်းခရိုင်ပြန်ကြားရေးရုံးတွင်ပြုလုပ်သော ကလေးသူငယ် အခွင့်အရေး ဟောပြောပွဲတွင် ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက “တပ်က လယ်သိမ်းလို့၊ တရားရုံးမှာ လူ့အခွင့်အရေးချိုးဖောက်ခံရလို့ တိုင်တာများတယ်။ ရန်ကုန်က အများဆုံးပဲ။ ဒုတိယက မန္တလေး”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာများ ပေးပို့ကြရာ ၂၀၁၉ ခုနှစ်အတွင်း တစ်ရက်လျှင် တိုင်စာ ၆ စောင်ခန့် ရောက်ရှိပြီး ဩဂုတ်လအထိ တိုင်စာစုစုပေါင်း ၁၂၆၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောကြားသည်။

“အဓိကတိုင်တဲ့အထဲမှာ မြေယာကိစ္စက များတယ်။ အခြားအမှုတွေလည်း ရှိတယ်။ စုံစမ်းစစ်ဆေးလို့ ပြီးသွားတဲ့ အမှုတွေလည်းရှိတယ်။ မပြီးသေးတဲ့ အမှုများလည်းရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

MIU မှ ကျော်ဇင်ဝင်း အမှု၊ အရပ်ဘက် လူ့အခွင့်အရေး ဆောင်ရွက်သူများအဖွဲ့ ၂၄ ဖွဲ့က ဥပဒေပြင်ရန် တောင်းဆိုချက်များနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများက အဂတိတိုက်ဖျက်ရေးကော်မရှင်နှင့်နှိုင်းယှဉ်ကာ လူ့အခွင့်အရေးကော်မရှင်ကို အားမလို အားမရ ဖြစ်နေကြသော်လည်း လူ့အခွင့်အရေးကော်မရှင်အနေနှင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးမှုများကို လုပ်ပိုင်ခွင့်မရှိကြောင်း ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ဆိုသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၂၃/၂၀၁၄)ဖြင့် အဖွဲ့ဝင် ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၆ နိုဝင်ဘာ ၆ ရက်နေ့တွင် အဖွဲ့ဝင် ၄ ဦးမှာ မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီ ၂၅ တွင် နိုင်ငံတော်သမ္မတရုံးက ကော်မရှင်အဖွဲ့ဝင် ၃ ဦးအား ဖြည့်စွက်ခန့်ထားလိုက်သောကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဆောင်ရွက်လျက်ရှိသည်။

အေးချမ်းသူ