News

POST TYPE

NEWS

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းများကို အိမ်ထောင်စုအလိုက် ထုတ်ပြန်ပေးမည်
07-Aug-2019

မန္တလေး၊ ဩဂုတ် ၇

၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းများကို အိမ်ထောင်စုအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၇ ရက်နေ့ကပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောကြားသည်။

“၂၀၁၅ ခုနှစ်မှာတုန်းက ဘယ်လိုဖြစ်သလဲဆိုတော့ ဥပမာ နာမည်မှာ ဗမာ လို “အ”နဲ့စတယ်။ ဒီလိုဆို မဲစာရွက်နောက်ဆုံးပေါ့။ ဦးရဲ့သားက ကျော်ကျော်ဆိုရင် ဟိုထိပ်ဆုံးမှာပေါ့။ တစ်အိမ်တစ်ယောက်ပဲ မဲစာရင်းကိုရှာရတာ ဟိုမှာရှာရ၊ ဒီမှာ ရှာရဖြစ်တာပေါ့။ အခုက မိသားစုလိုက်ဆိုတော့ ဦးနာမည်တွေ့တယ်ဆိုရင် ဒါသေချာပြီ။ ဦး မိသားစုတစ်စုလုံးနာမည်ပါပြီပေါ့။ မဲစာရင်းကြည့်ရတာ လွယ်သွားတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုသည့်နှစ်အဖြစ် ဆောင်ရွက်နေပြီး မဲစာရင်းများကို ကြိုတင်ကြေညာပေးထားမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် နာမည်မပါဝင်သူများ၊ အချက်အလက် မှားယွင်းနေသူများနှင့် မပါသင့်မပါထိုက်သူများ မဲစာရင်းတွင်ပါဝင်နေပါက ပယ်ဖျက်၊ ဖြည့်သွင်း၊ ကန့်ကွက်ခြင်းတို့ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီ ၁၈ ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆ ဖွဲ့ တက်ရောက်ခဲ့ကြသည်။

M-05