News

POST TYPE

NEWS

မြန်မာပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး တရုတ်အစိုးရနှင့်ညှိနှိုင်း
07-Aug-2019

ရန်ကုန်၊ ဩဂုတ် ၇

မြန်မာနိုင်ငံမှ ပို့ကုန်များကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ ရန်ချင်းခရိုင်တွင် ခြောက်လကြာပြုလုပ်လျက်ရှိသည့် International Horticulture Expo 2019 ပြပွဲကာလအတွင်း ဩဂုတ် လ ၄ ရက်နေ့ကပြုလုပ်သည့် မြန်မာနေ့ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနေ့အခမ်းအနားအပြင် မြန်မာပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကိုလည်း ဘေဂျင်းမြို့၊ Ocean Spring ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲတွင် မြန်မာနှင့် တရုတ်နိုင်ငံမှလုပ်ငန်းရှင် ၅၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ခဲ့ကာ မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး၊ နာနတ်သီး၊ ထောပတ်သီး အပါအဝင် မြန်မာ့သစ်သီးဝလံများ အရည်အသွေးစစ်ဆေးမှုကို အရှိန်အဟုန်မြှင့်တင်၍ တိုးမြှင့်တင်ပို့နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် China Oil & Food Cooperation Co.,Ltd. (COFCO) ဒုတိယဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် COFCO တို့အကြား ချုပ်ဆိုထားသည့် ဆန်ကို တန်ချိန်တစ်သိန်း ဝယ်ယူရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် CITIC Construction Co.,Ltd. ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များပိုမိုဝယ်ယူရေး၊ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း ယင်းဌာနထံမှ သိရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံဘက်၌ တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုလျော့ကျသွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ အဓိကထားတင်ပို့နေရသောကြောင့် တန်ဖိုးမြှင့်ကုန်စည်များ ထုတ်လုပ်၍ အခြားဈေးကွက်များကို တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်သင့်ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ (မူဆယ်)မှ ဦးစိုင်ခင်နောင်က ပြောကြားသည်။

J-11