News

POST TYPE

NEWS

City Taxi မှတ်ပုံတင်သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သော တက္ကစီယာဉ် ၁၆၀၀ကျော် လာရောက်သက်တမ်းတိုး
07-Aug-2019


ရန်ကုန်၊ ဩဂုတ် ၇

City Taxi မှတ်ပုံတင်ပြုလုပ်ရန်နှင့် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်များမှတ်ပုံတင်ခြင်းကို ပြန်လည်ဆောင်ရွက်ပေးရာ လက်ရှိအချိန်ထိ City Taxi အစီးရေ ၁၆၀၀ ကျော် လာရောက်ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြန်လည်ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၂ ရက်မှစတင်ကာ တာမွေမြို့နယ် လေးထောင့်ကန်လမ်းပေါ်ရှိ YRTA ရုံးချုပ် အမှတ် ၆၅ တွင် စစ်ဆေးပြုလုပ်ပေးလျက်ရှိရာ ဩဂုတ်လ ၆ ရက်နေ့အထိ တက္ကစီယာဉ် ၁၆၁၂ စီးခန့် လာရောက်ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“တက္ကစီယာဉ် ၁၆၁၂ စီးမှာ သက်တမ်းတိုး လာရောက်ဆောင်ရွက်တဲ့ အစီးရေ ၅၀၁ စီးနဲ့ အသစ်ထပ်မံ လာရောက်ဆောင်ရွက်တဲ့ အစီးရေ ၁၁၁၁ စီး လာလုပ်ပါတယ်။ ဇူလိုင်လ ၁၅ ရက်ကနေ ၂၄ အထိ တစ်နေ့ကို အစီးရေ ၂၀၀ ကြား လာရောက်ဆောင်ရွက်ပါတယ်။ နောက်ပိုင်းမှာတော့ အစီးရေ ၇၀ နဲ့ ၈၀ ကြား လာရောက်ဆောင်ရွက်ပါတယ်”ဟု ဦးလှအောင်က ဆိုသည်။

နောက်ဆုံးလုပ်ငန်း ဆောင်ရွက်ပေးမည့် ရက်မှာ ၉ လပိုင်း ၃၀ ရက်အထိ သတ်မှတ်ထားပြီး နောက်ဆုံးသတ်မှတ်ထားသည့်ရက်အတွင်း မှတ်ပုံတင်ပြုလုပ်ရန် လာရောက်ခြင်းမရှိသည့် City Taxi ယာဉ်များကို အမိန့်ညွန်ကြားချက် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

City Taxi ယာဉ်များကို ပြန်လည် ဆောင်ရွက်ရာတွင် ဒဏ်ကြေးဖြင့် ပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နှစ်အလိုက် ပျက်ကွက်နေသော ဒဏ်ကြေးအဖြစ် ၁ နှစ်မပြည့်ခင် ကားများကို ၅၀၀၀ ကျပ်၊ ၁ နှစ်အထိ ၈၀၀၀ ကျပ်နှင့် ၁ နှစ်အထက် သက်တမ်းကျော်လွန်သည့် ကားများကို ၁၅၀၀၀ ကျပ် ဒဏ်ကြေးနှုန်းထားများ ကောက်ခံသွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲသွားနေသည့် စီးတီးတက္ကစီယာဉ် အစီးရေမှာ ယခုလက်ရှိ ၆၇,၀၈၅ စီးရှိပြီး မြို့တော်အင်္ဂါရပ်နှင့်ညီသော တက္ကစီဖြစ်ရေး၊ ငှားရမ်းစီးနင်းသူများအား အဆင်ပြေချောမွေ့စွာဖြစ်ရေး၊ စည်းကမ်းထိန်းသိမ်းမှု လုပ်ပေးနိုင်ရေးအတွက် စသည့်အချက်ဖြင့်ရည်ရွယ်ကာ ၂၀၀၁ ခုနှစ်က စတင်ကာ ၂၀၀၂ ခုနှစ်တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆပ်ကော်မတီတစ်ခုဖြစ်သည့် တက္ကစီယာဉ်ကြီးကြပ်ရေး ကော်မတီမှ City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ကြောင်း YRTA ထံမှ သိရသည်။

J-10