News

POST TYPE

NEWS

မွန်ပြည်နယ်အတွင်း အထူးတင်ဒါပိုက်ချက်ရောင်းချမှု ကျပ်သိန်းရှစ်ထောင်ကျော် ရရှိ
23-Jul-2019

မော်လမြိုင်၊ ဇူလိုင် ၂၃

၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်အတွင်းရှိ အထူးတင်ဒါပိုက်ချက် ၁၀၈ ချက်ကို ဇူလိုင်လ၂၂ ရက်နေ့က ပထမအကြိမ် စတင်ရောင်းချရာတွင် အထူးတင်ဒါပိုက်ချက်တစ်ခုတည်းတွင် ကျပ်သိန်းပေါင်း ၈၂၀၀ ကျော်ရရှိခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“ပြည်နယ် ဘဏ္ဍာရန်ပုံငွေအနေနဲ့ သိန်း ၈၂၀၀ ကျော်ရရှိခဲ့တယ်။ ပိုက်ချက်ပေါင်း ၂၀ ချက်ကျန်နေသေးတယ်၊ အဲဒါကို လာမယ့် ၂၉ ရက်နေ့မှ အပြီးသတ် ရောင်းချသွားမှာပါ။ ဈေးအများဆုံးပေး ဝယ်သွားတာကတော့ အတ္ထရံမြစ်ထဲမှာရှိတဲ့ ပိုက်ချက်အမှတ် ၄ ပေါ့၊ တင်ဒါကြေးက ၅၇၅ သိန်းနဲ့ အမြင့်ဆုံးဖြစ်သွားတယ်”ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောဆိုသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်၊ မုဒုံမြို့နယ်တို့တွင် စုစုပေါင်း ပိုက်ချက်ပေါင်း ၁၀၈ ချက်အနက် ပထမတစ်ကြိမ်ရောင်းချရာတွင် ပိုက်ချက်ပေါင်း ၈၈ ချက် ရောင်းချခဲ့ရကြောင်း၊ ယင်းအတွက် ပြည်နယ်ဘဏ္ဍာငွေ သိန်း ၈၂၀၀ ကျော်ရရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံရငွေ ရှာပေးတယ်ဆိုပေမယ့် ငါးသယံဇာတ ထိန်းသိမ်းဖို့လည်း လိုတယ်။ အဲဒီလိုလုပ်ဖို့ကလည်း ငါးလုပ်ငန်းဦးစီးဌာနတစ်ခုတည်း လုပ်လို့မရပါဘူး။ သက်ဆိုင်ရာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ရေလုပ်သား အားလုံးအပါအဝင် ဒေသခံတွေပူးပေါင်းပြီး ကျွန်တော်တို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေကို တိကျစွာ လိုက်နာပေးမယ်ဆိုရင် ငါးတွေရေရှည် သုံးစွဲနိုင်ပြီး ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမယ်”ဟု ဦးမြင့်စိုးက ဆိုသည်။

ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများအနေနှင့်လည်း ယခုအချိန်တွင် ပိတ်သိမ်းချိန်ဖြစ်သည့်အတွက် ပိတ်သိမ်းလိုက်ရကြောင်း၊ သို့သော်လည်း ငါး အများစုမိသည့် အချိန်ဖြစ်သည့်အတွက် ယခုကဲ့သို့ တင်ဒါဆွဲရာတွင် အများကြီး ပေးရသည့်အတွက် မိမိတို့အနေနှင့် နစ်နာရကြောင်း၊ ငါးမဖမ်းရ ရာသီကို ရှေ့တစ်လခန့် တိုးပေးရန်အတွက် တောင်းဆိုလိုကြောင်း ရေလုပ်သား ဦးအာကာထိုက်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး အောက်ခြေမှာ ငါးရတယ်ဆိုတဲ့အကြောင်း ရာသီကုန်သွားတဲ့အချိန်မှာ ငါးရတယ်ဆိုတဲ့အကြောင်း လူကြီးတွေအနေနဲ့ အောက်ခြေမှာ စစ်ဆေးပေးဖို့၊ ငါးဖမ်းရာသီကို ရှေ့တစ်လ တိုးပေးစေချင်တယ်။ ဒါပဲ ကျွန်တော်တို့ ဆွေးနွေးတောင်းဆိုချင်တယ်”ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းဆိုင်ရာအခွန်ငွေ စုစုပေါင်း ၁၄,၆၇၉ သိန်းကျော်ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၇၄၄ သိန်းကျော်သာ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ကျပ်သိန်းပေါင်း ၉၃၅၈ သိန်းကျော်ရရှိခဲ့ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

R-21