News

POST TYPE

NEWS

ဖောက်ခွဲရေးပစ္စည်း အမြောက်အမြား တွေ့ရှိမှုနှင့် လက်ရှိဆန္ဒပြမှုများ ဆက်စပ်မှု ရှိ၊ မရှိ ဟောင်ကောင်ရဲ စုံစမ်း
22-Jul-2019



ဟောင်ကောင်၊ ဇူလိုင် ၂၁

ဟောင်ကောင်တွင် ဖောက်ခွဲရေးပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိမှုနှင့် လက်ရှိ ဆန္ဒပြမှုများ ဆက်စပ်မှု ရှိ၊ မရှိကို ဟောင်ကောင်ရဲက စုံစမ်းစစ်ဆေးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ TATP ဖောက်ခွဲရေးပစ္စည်းများသည် အများဆုံး စံချိန်တင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး အခြားလက်နက်များနှင့် လက်ကမ်းစာရွက်များကိုလည်း တွေ့ရှိခဲ့သည်ဟု ရဲက ပြောကြားသည်။

သီတင်းပတ်ကုန်ရက်တွင် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် တရုတ်လိုလားသော ဆန္ဒပြပွဲများ နှစ်မျိုးစလုံး မကျင်းပမီ ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး လွတ်လပ်ရေးလိုလားသော အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရှိရသည်။

အာဏာပိုင်များက သောကြာနေ့ ညပိုင်း ၁၁းဝ၀ နာရီခန့်တွင် ဆွန်ဝန်ခရိုင်ရှိ စက်မှုအလုပ်ရုံတစ်ခုကို ဝင်ရောက်စစ်ဆေးစဉ် အဆိုပါပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စီးနင်းရှာဖွေမှုတွင် TATP ယမ်း ၂ ကီလိုဂရမ်၊ ဓာတ်ဆီဗုံး ၁၀ လုံး၊ အက်စစ်များ၊ ဓားနှင့် သံတုတ်အပါအဝင် လက်နက်များနှင့်၊ ဓာတ်ငွေ့ကာမျက်နှာဖုံးများကို တွေ့ရှိခဲ့သည်ဟု ရဲက ဆိုသည်။

TATP ဖောက်ခွဲရေးပစ္စည်းကို အဆင်သင့်ရရှိနိုင်သော ကုန်ကြမ်းပစ္စည်းများမှ အလွယ်တကူ ပြုလုပ်နိုင်ပြီး ထိုပစ္စည်းမျိုးကို ၂၀၀၅ လန်ဒန် ဗုံးခွဲမှုနှင့် ၂၀၁၅ ပဲရစ် တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည်ဟု သိရှိရသည်။

ဆွန်ဝန်ခရိုင် စီးနင်းမှုတွင် လွတ်လပ်ရေးလိုလားသော ဟောင်ကောင်အမျိုးသား တပ်ဦးတံဆိပ်ပါ နဖူးစည်းစာတန်းများ၊ တီရှပ်များနှင့် လက်ကမ်းစာရွက်များကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရဲက ပြောကြားသည်။

ဖမ်းဆီးရမိသော တရားခံကို တရားစွဲခြင်း မပြုသေးဘဲ စစ်ဆေးမေးမြန်းနေပုံရပြီး ၎င်း၏အမည်ကိုလည်း ရဲက ထုတ်ဖော်ပြောကြားခြင်း မပြုသေးပေ။

ဟောင်ကောင် အမျိုးသားတပ်ဦးက အဆိုပါဖမ်းဆီးခံရသူသည် ၎င်းတို့အဖွဲ့ဝင် ဖြစ်သော်လည်း ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်၍ အဖွဲ့က ဘာမှမသိကြောင်း တယ်လီဂရမ်အက်ပ်တွင် ရေးသားထုတ်ပြန်ထားသည်။

ဟောင်ကောင်ရဲဌာန ပေါက်ကွဲနိုင်သောပစ္စည်းများ ရှင်းလင်းရေးအဖွဲ့မှ တာဝန်ခံအရာရှိ အဲလစ်မက်ဝှပ်တာက TATP ဖောက်ခွဲရေးပစ္စည်းသည် အလွန် အန္တရာယ်များကြောင်း၊ ယခု အများဆုံး စံချိန်တင် ဖမ်းဆီးရမိမှုကြောင့် ဟောင်ကောင်တွင် TATP ပြဿနာကို ကိုင်တွယ်ရတော့မည့် အချိန်သို့ရောက်ရှိလာကြောင်း မှတ်ချက်ပေးပြောကြားသည်။

ယခု ဖမ်းဆီးရမိမှုများသည် ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းတွင် ပိုမိုအန္တရာယ်များသော လားရာဘက်သို့ ချိုးကွေ့နေသည့် လက္ခဏာကို ညွှန်ပြနေသည်ဟု အကဲခတ်များက သုံးသပ်ကြကြောင်း ဘီဘီစီသတင်းက တင်ပြထားသည်။ 

F-04