News

POST TYPE

NEWS

နိုင်ငံတော်အတိုင်ပင်ခံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိသစ္စာပြု
20-Jul-2019

ရန်ကုန်၊ ဇူလိုင် ၂၀

ယခင်ကျောင်းသူဘဝက မြတ်လေး ကျောင်းသူကင်းထောက်အဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ယခုနိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ဇူလိုင် ၂၀ ရက်က ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမတွင် ကတိသစ္စာခံယူခဲ့သည်။

ယင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်င်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကင်းထောက်ကတိ သုံးပါးဖြစ်သည့် ကိုးကွယ်သည့်ဘာသာနှင့် တိုင်းပြည်အတွက် အကောင်းဆုံး အလုပ်လုပ်ပါမည်၊ သူတစ်ပါးကို အချိန်မရွေး ကူညီပါမည်နှင့် ကင်းထောက်ကျင့်ဝတ် ၁၀ ပါးကို အမြဲလိုက်နာထိန်းသိမ်းပါမည့်အကြောင်း ကတိပြုပြောကြားခဲ့သည်။

“ကျွန်မတို့ ကျင့်ဝတ်တစ်ခုတည်းမှာဆိုရင် ယဉ်ကျေးရ၊ သိမ်မွေ့ရမယ်ဆိုတာပါတယ်။ ယဉ်ကျေးသိမ်မွေ့ရမယ်ဆိုတာ ကျင့်ဝတ်တစ်ခုဆိုတာ အခု လူတော်တော်များများက နားမလည်တော့ဘူး။ တကယ်တော့ ဒါကျင့်ဝတ်တစ်ခုပါပဲ။ လူ့အသိုင်းအဝိုင်းမှာ အေးချမ်းဖို့၊ လူ့အသိုင်းအဝိုင်းမှာ တည်ငြိမ်ဖို့ဆိုလို့ရှိရင် ယဉ်ကျေးသိမ်မွေ့ရတယ်။ တချို့တွေက ယဉ်ကျေးသိမ်မွေ့တာကို ခေတ်မရှိဘူး၊ ရှေးဆန်တယ်လို့ ထင်ကျတယ်။ အခုခေတ်က ခပ်ပြတ်ပြတ်၊ ခပ်မာမာ၊ ခပ်ရိုင်းရိုင်းလေး ဆက်ဆံတာကိုပဲ သိပ်ပြီးတော့ ခေတ်မီတယ်၊ သိပ်ပြီးတော့ ဒီဟာက တက်ကြွတယ်လို့ ထင်ကျတယ်။ ဒါတက်ကြွတာ မဟုတ်ပါဘူး။ ရိုင်းတာက ရိုင်းတာပဲ။ တက်ကြွတာဟာ တက်ကြွတာပဲ။ မတူပါဘူး”ဟု အတိုင်ပင်ခံက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများသာမက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအပါအဝင် စုစုပေါင်းကင်းထောက်အင်အား ၅၀,ဝ၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ထံမှ သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မက်သဒရစ်အင်္ဂလိပ် အထက်တန်းကျောင်း ကျောင်းသူဘဝက မြတ်လေးကင်းထောက်အဖွဲ့ ခေါင်းဆောင်အဖြစ် ၁၉၆၀ ခုနှစ် ၁၅ နှစ် သမီးအရွယ်တွင် စတင်ပါဝင်ခဲ့ကြောင်း၊ ၎င်း၏မိခင် ဒေါ်ခင်ကြည်လည်း အမျိုးသမီး ကင်းထောက်ချုပ်အဖြစ် တာဝန်ထမ်းခဲ့ကြောင်း ကင်းထောက်အဖွဲ့ချုပ်ထံမှ သိရှိရသည်။

ကတိသစ္စာပြုပွဲသို့ ပညာရေးဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ကင်းထောက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကင်းထောက်အမျိုးသမီးအဖွဲ့က ကမ္ဘာ့ကင်းထောက်အဖွဲ့ ဂုဏ်ပြုသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ပြီး ကင်းထောက်လူငယ်များက ငြိမ်းချမ်းရေးသံတမန် သီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေခဲ့ကြောင်း ယင်းအခမ်းအနားထံမှ သိရှိရသည်။

အမျိုးသားကင်းထောက်အဖွဲ့နှင့် အမျိုးသမီးကင်းထောက်အဖွဲ့ပေါင်း၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်အဖြစ် ၁၉၆၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းသွားရာမှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အခြေခံပညာအဆင့် ကင်းထောက်အဖွဲ့များ ပြန်လည်ဖွဲ့စည်းကာ ပြန်လည်လှုပ်ရှားလာခြင်းဖြစ်သည်။ 

ကျော်ဖြိုး