News

POST TYPE

NEWS

ဒေသတွင်း လုံခြုံရေးမြှင့်တင်ရန်အတွက် အမေရိကန်တပ်ဖွဲ့များကို လက်ခံရန် ဆော်ဒီအတည်ပြု
20-Jul-2019

ရီယာ့ဒ်၊ ဇူလိုင် ၂၀

အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုမြှင့်တင်ရန်အတွက် အမေရိကန်တပ်ဖွဲ့များကို ဆော်ဒီနိုင်ငံအတွင်း လက်ခံထားရှိရန် ဆော်ဒီဘုရင် ဆော်လ်မွန်က အတည်ပြုလိုက်ပြီဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ကာကွယ်ရေးဌာနကလည်း အရှေ့အလယ်ပိုင်းဒေသတွင် ရှောင်တခင် ဖြစ်ပေါ်လာသော ဘေးရန်များကို ပိုမိုတားဆီးနိုင်ရန်အတွက် ဆော်ဒီနိုင်ငံအတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀ ခန့် တပ်စွဲထားမည်ဟု အတည်ပြုပြောကြားသည်။

ဝါရှင်တန်နှင့် တီဟီရန်အကြား တင်းမာမှု မြင့်တက်နေသည့်အချိန်တွင် ဆော်ဒီဘုရင်၏ အတည်ပြုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားတွင် သောကြာနေ့က ဗြိတိန်ရေနံတင် သင်္ဘောတစ်စင်းကို သိမ်းဆည်းလိုက်သည်ဟု ပြောဆိုခဲ့ပြီး အီရန်ဒရုန်းတစ်စင်းကို အမေရိကန်ရေတပ်က ပစ်ချခဲ့သည်ဆိုသော ဝါရှင်တန်၏ ပြောဆိုမှုကိုမူ မဟုတ်မှန်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။

အမေရိကန်တပ်ဖွဲ့များအား လက်ခံရန် ဆုံးဖြတ်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် လုံခြုံမှုတို့အတွက် စစ်ရေးပူးတွဲဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ စကားကိုကိုးကားကာ SPA က ဖော်ပြထားသည်။

ဆော်ဒီနိုင်ငံတွင် အမေရိကန်စစ်ဘက် ဖြန့်ကြက်ရာတွင် တပ်ဖွဲ့ဝင် ၅၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး ယခင်လက ပင်တဂွန်က ကြေညာထားသော အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်မည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အမည်မဖော်သော အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်တပ်စွဲထားမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ဇွန်လတွင်ကြေညာထားပြီး မည်သည့်နေရာတွင် တပ်စွဲမည်ဆိုသည်ကိုမူ ထိုစဉ်က ထုတ်ပြန်ခြင်းမပြုခဲ့ပေ။

ဆော်ဒီအာရေးဗီးယားသည် အရှေ့အလယ်ပိုင်းတွင် အရေးပါသော လက်တွဲဖော်ဖြစ်ပြီး အီရန် ဩဇာတိုးချဲ့လာမှုအတွက် တန်ပြန်ထိန်းညှိနိုင်သော အင်အားစုဖြစ်သည်ဟု ၎င်းအနေနှင့် သတ်မှတ်စဉ်းစားကြောင်း သမ္မတထရမ့်က ထုတ်ဖော်ပြောကြားထားသည်။

F-04