News

POST TYPE

NEWS

စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် မြေဧက ၁၅ သိန်းကျော်ကို ပြန်လည်သိမ်းဆည်း
20-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၀

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ သတ်မှတ်ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် မြေဧက ၁၅ သိန်းကျော်ကို ပြန်လည် သိမ်းဆည်းထားကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံမှ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ၂၀ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်မြေ ၆၁,၁၄၅ ဧကကို ပြန်လည် သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည် သိမ်းဆည်းမြေဧကမှာ စုစုပေါင်းဧက ၁၅ သိန်းကျော်ရှိပြီဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယင်းကော်မတီအစည်းအဝေးတွင် စည်းကမ်းချက် သတ်မှတ်ကာလ ၄ နှစ် ပြည့်မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့် လုပ်ကိုင်ခွင့်ချထားမြေများကို ခွင့်ပြုမိန့် ရုပ်သိမ်းရေး၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသည့် မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး၊ ယခုအစိုးရကာလတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ထိရောက်မှန်ကန်စွာ အကျိုးရှိရှိ အသုံးချလုပ်ကိုင်နိုင်ရေးကို စီမံဆောင်ရွက်ရမည်ဖြစ်ပြီး မြေယာပြဿနာများကို မှန်ကန်မြန်ဆန်စွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်သူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်မည့် တောင်သူလယ်သမား အဖွဲ့အစည်းများဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေးသည် အထူးအရေးကြီးကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်သူက ပြောကြားသည်။

၂၀၁၂ ခုနှစ်မှစ၍ အတည်ပြုပြဋ္ဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ မြေခွန်တော်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက် အသုံးပြုစိုက်ပျိုးထားသည့် မြေယာအပေါ် ကောက်ခံရမည့် မြေခွန်တော် ကောက်ခံရရှိရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း ၂ သန်း ၂ သိန်းခန့်ရှိသည့်အနက် မြေဧက ၇ သိန်းသာလျှင် အသုံးပြုသည့်အတွက် မြေဧက တစ်သန်းခွဲခန့်ကို ပြန်လည်သိမ်းယူထားပြီးဖြစ်ကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သူက ပြောကြားထားသည်။

J-11