News

POST TYPE

NEWS

မက္ကဆီကန် မူးယစ်ရာဇာအယ်လ်ချာပိုကို အမေရိကန်တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်
19-Jul-2019


နယူးယောက်၊ ဇူလိုင် ၁၈

အမေရိကန်တရားရုံးက မက္ကဆီကန် မူးယစ်ရာဇာ အယ်လ်ချာပိုကို ထောင်ဒဏ် တစ်သက်နှင့် အပိုနှစ်သုံးဆယ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။

အယ်လ်ချာပိုဂတ်ဇ်မန်း ၆၂ နှစ်သည် မူးယစ်ဆေးဝါးကုန်သွယ်မှုများ၊ ငွေကြေးခဝါချမှုများအတွက် အပြစ်ရှိကြောင်းကို နယူးယောက် ဖက်ဒရယ်ခုံရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။

အယ်လ်ချာပိုဂတ်ဇ်မန်းသည် မက္ကဆီကို အကျဉ်းထောင်တစ်ခုမှ ၂၀၁၅ တွင် လိုဏ်ခေါင်းတူးကာ လွတ်မြောက်သွားခဲ့ပြီးနောက် ပြန်လည်ဖမ်းဆီးခံရကာ ၂၀၁၇ တွင် အမေရိကန်သို့ လွှဲပြောင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် အမေရိကသို့ မူးယစ်ဆေးဝါး အများဆုံးပေးပို့နေသော ဆင်နာလိုဝါမူးယစ်ဂိုဏ်း၏ အကြီးအကဲဖြစ်သည်။

ဗုဒ္ဓဟူးနေ့က တရားရုံးတွင် အမိန့်မချမီ စကားပြန်မှတစ်ဆင့် ပြောဆိုခွင့်ရခဲ့သော အယ်လ်ချာပိုဂတ်ဇ်မန်းက အမေရိကန်ပြည်ထောင်စုတွင် ၎င်းချုပ်နှောင်ခံရခြင်းသည် နှိပ်စက်ခံရသည့်အပြင် မမျှတသော စစ်ဆေးမှုကိုရရှိခဲ့ကြောင်း စောဒက တက်ခဲ့သည်။

ထောင်ဒဏ်တစ်သက်သည် အယ်လ်ချာပိုဂတ်ဇ်မန်းအတွက် အနိမ့်ဆုံးပြစ်ဒဏ် ဖြစ်သည်။ အပိုထောင်ဒဏ် နှစ်သုံးဆယ်မှာ ဥပဒေမဲ့ သေနတ်သုံးစွဲမှုများအတွက်ဖြစ် ပြီး မူးယစ်ဆေးလုပ်ငန်းမှ စီးပွားဖြစ်ရရှိငွေ ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံကိုလည်း ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချခြင်းခံရသည်။

အယ်လ်ချာပိုဂတ်ဇ်မန်းကို ကော်လိုရာဒိုရှိ လုံခြုံရေး အမြင့်ဆုံးတင်းကျပ်ထားသော အကျဉ်းထောင်တွင် ထိန်းသိမ်းထားမည်ဟု အစိုးရရှေ့နေများက ပြောကြားသည်။

အယ်လ်ချာပို၏ ရှေ့နေဂျက်ဖရီလစ်ချ်မန်းကမူ ပြစ်ဒဏ်ကို အယူခံဝင်မည်ဟု ပြောကြားသည်။ တရားစစ်ဆေးမှုသည် မီဒီယာများ၏ လွှမ်းမိုးမှုကြောင့် မျှတမှုမရှိကြောင်းနှင့် ဟန်ပြစစ်ဆေးခြင်းသာ ဖြစ်ကြောင်း ရှေ့နေဂျက်ဖရီက ဆိုသည်။

အယ်လ်ချာပိုဂတ်ဇ်မန်းအမှု စစ်ဆေးရာတွင် တုန်လှုပ်စရာကိစ္စများလည်း ပေါ်လွင်လာခဲ့သည်။ ၎င်းသည် အသက် ၁၃ နှစ်ခန့်သာ ရှိသေးသော မိန်းကလေးငယ်များကို မူးယစ်ဆေးတိုက်ကာ မုဒိမ်းကျင့်ခဲ့သည်ဟု အမှုစစ်ချက်များတွင် ဖော်ပြထားသည်။

အခြားသက်သေတစ်ဦးကလည်း အယ်လ်ချာပိုသည် လူသုံးဦးထက်မနည်း သတ်ဖြတ်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ 

၂၀၁၅ ခုနှစ်က မက္ကဆီကိုအယ်လ် တီပလာနိုအကျဉ်းထောင် ဖောက်ပြေးမှုအပေါ် စစ်ဆေးချက်တွင် ၎င်း၏သားဖြစ်သူက ထောင်အနီးမြေကွက်တစ်ကွက်ကို ဝယ်ယူကာ ထောင်ထဲသို့ GPS နာရီပေးပို့ခဲ့ပြီး တည်နေရာရှာ၍ လိုဏ်ခေါင်းတူးပြီး ကယ်ထုတ်သွားခဲ့သည်ဟု ဖော်ပြသည်။

အယ်လ်ချာပိုဂတ်ဇ်မန်းသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ကုတ်ကင်း တန်ချိန် ရာပေါင်းများစွာ တင်သွင်းခဲ့သည့်အပြင် ဟီးရိုးအင်း၊ မက်သ်အင်ဖက်တာမင်းနှင့် ဆေးခြောက်များကိုလည်း ဖြန့်ဖြူးခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့ပြီးစွဲချက် ဆယ်ခုဖြင့် နယူးယောက် ဖက်ဒရယ်ခုံရုံး၌ တရားစွဲခဲ့ကြခြင်းဖြစ်သည်။  

F-04



  • VIA