News

POST TYPE

NEWS

ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် လေးဦးကို အဂတိမှုဖြင့် တရားစွဲထားမှု တရားလိုကိုစစ်ဆေး
18-Jul-2019


မန္တလေး၊ ဇူလိုင် ၁၈

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲအုပ်ထွန်းလင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုထားရာတွင် ဇူလိုင်လ ၁၈ ရက်နေ့က တိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးကို စစ်ဆေးခဲ့ကြောင်း ယင်းမြို့နယ်တရားရုံးထံမှ သိရသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ အမှတ် ၃ နယ်မြေရဲစခန်း၏ ယခင်စခန်းမှူးဟောင်းဖြစ်သူ ရဲအုပ်ကျော်သူနှင့် အမှုစစ်အရာရှိများဖြစ်သည့် ဒုရဲအုပ် ထွန်းထွန်းလင်း၊ ဒုရဲအုပ် ကျော်နိုင်ဦးတို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်သည်။

လက်ရှိတွင် မြို့နယ်မှူး ရဲမှူးသိန်းနိုင်နှင့် အမှုစစ်ရဲအုပ် ထွန်းထွန်းလင်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်သော်လည်း ရဲအုပ်ကျော်သူနှင့် ဒုရဲအုပ် ကျော်နိုင်ဦးတို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ယင်းနေ့ရုံးချိန်းတွင် တရားလို ဦးအောင်မြင့်ဇော်ကို စစ်ဆေးခဲ့ပြီး တရားလိုဘက်က စွပ်စွဲခံရသူများ တပ်ဖွဲ့အတွင်း ရှိနေစဉ်က စုံခုံဖွဲ့စစ်ဆေး၍ ရဲချုပ်ရုံးသို့ တင်ပြခဲ့သည့် သက်သေခံအကျဉ်းချုပ်ကို သက်သေအဖြစ်တင်သွင်းခဲ့ကြောင်း တရားခွင်အရ သိရသည်။

ယခုအမှုတွင် တရားလိုဘက်မှ သက်သေ ၉ ဦးတင်ပြထားပြီး လက်ရှိတွင် တရားလိုကိုစစ်ဆေးလျက်ရှိကာ လာမည့် ၂၅ ရက်နေ့တွင်လည်း ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းက (ပ) ၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ဖခင်ထံမှ ငွေကျပ် ၂ သိန်းကိုလည်းကောင်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ၏ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ် ၂ သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန်အတွက် ငွေကျပ် ၂ သိန်းတို့ကိုလည်းကောင်း၊ အမှုစစ်ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ဖခင်ထံမှ တရားခံအား မညှဉ်းပန်းမနှိပ်စက်ရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် ၁၅၀,၀၀၀ နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ် ၂၅၀,၀၀၀ တို့ကိုလည်းကောင်း လက်ခံရယူခဲ့သည်တို့ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။

M-04