News

POST TYPE

NEWS

ရွှေပြည်သာတွင် ရှစ်တန်းကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်
18-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပန်းခြံစုဗဟိုလမ်းတွင် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီခွဲက ရှစ်တန်းကျောင်းသား နှစ်ဦး စကားများရန်ဖြစ်ရာမှ ကျောင်းပြင်ပတွင် ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓါးဖြင့်ထိုးခံရသူ ရှစ်တန်းကျောင်းသားမှာ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့က တစ်ကျောင်းတည်းနေ ရှစ်တန်းကျောင်းသားတစ်ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ပြီး ၎င်းက ယင်းကျောင်းသားကို ပါးရိုက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ပါးရိုက်ခံရသည့် ကျောင်းသားမှာ ဇူလိုင် ၁၈ ရက်နေ့တွင် ကျောင်းမတက်ဘဲ ကျောင်းဆင်းချိန်ကို စောင့်၍ ၎င်းအား ပါးရိုက်ခဲ့သည့် ကျောင်းသားကို ပန်းခြံစုဗဟိုလမ်းတွင် အသင့်ယူဆောင်လာသည့် ဓားဖြင့် ဆင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်ရန် ကြံစည်စဉ် ရပ်ကွက်နေသူများက ဝိုင်းဖမ်းဆီးခဲ့သည်။

ဓားထိုးခံရသည့် ကျောင်းသားမှာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး အပြင်းအထန် နာကျင် ဒဏ်ရာ များ ရရှိအောင် ပြုလုပ်ခဲ့သည့် ရှစ်တန်းကျောင်းသားကို ရွှေပြည်သာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03