News

POST TYPE

NEWS

အမျိုးသားစာကြည့်တိုက် ရန်ကုန်မြို့လယ်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည်
29-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၈

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် (၆၀၄၊ ၆၀၈) ကုန်သည်လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်နှင့် သမ္မတဦးစီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်တို့ တက်ရောက်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းက အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ လမ်းကြားလေးတွင် ချောင်ထိုးခံနေရသဖြင့် အများပြည်သူ အသုံးပြုနိုင်အောင် မြို့လယ်သို့ ပြန်ပို့ရန် လိုနေကြောင်း၊ ယခင်က  Jubilee Hall, City Hall, ခြောက်ထပ်ရုံးတွင် ထားစဉ်က လူသုံးများခဲ့ကြောင်း၊ မနှစ်ကလည်း မြို့လယ်ရှိ အဆောက်အအုံဟောင်း တစ်ခုခုကို အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အတွက် သုံးစွဲခွင့်ပေးရန် တင်ပြခဲ့ဖူးသော်လည်း မရရှိခဲ့ကြောင်း၊ ယခု သမ္မတ ဦးထင်ကျော် အစိုးရအနေနှင့် ပြည်သူလူထုအတွက် အဆင်ပြေမည့် ရန်ကုန်မြို့လယ်မှ အဆောက်အအုံတစ်ခု စီစဉ်ပေးပါရန် မေတ္တာရပ်ခဲ့ကြောင်းကို မေ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ စာတစ်စောင်ရေးသား ပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ဦးသန်းအောင်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးတို့ကလည်း အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ရန်ကုန်မြို့လယ်ရှိ သင့်တော်သည့် အဆောက်အအုံ တစ်ခုခုကို အသုံးပြုခွင့်ပြုရေးနှင့် ပတ်သက်၍ မေ ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ စာရေးသား ပေးပို့တင်ပြခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဘားနဒ်အခလွတ် စာကြည့်တိုက်ကို လွှဲပြောင်းလက်ခံခဲ့ပြီး ၁၉၅၂ ခုနှစ် ဇွန် ၁ ရက်တွင် နိုင်ငံတော်စာကြည့်တိုက် အမည်ဖြင့် ရန်ကုန်မြို့ ဂျူဗလီဟောတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အမျိုးသားစာကြည့်တိုက်ဟု အမည်ပြောင်းလဲခဲ့ပြီး ပန်းဆိုးတန်းလမ်းရှိ အဆောက်အအုံ၊ ရန်ကုန်မြို့တော်ခန်းမ၊ ကမ်းနားလမ်းခြောက်ထပ်ရုံး၊ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းနှင့် လေးဒေါင့်ကန်လမ်းရှိ အဆောက်အအုံများသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ 

ယင်းနောက် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် အဆောက်အအုံ ပျက်စီးသွားသဖြင့် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၈၅ (က) သီရိမင်္ဂလာရိပ်သာလမ်းရှိရှိ ယခင်သစ်တောရေးရာ ဝန်ကြီးဌာနရုံး အဆောက်အအုံဟောင်း နှစ်ခုတွင် ဖွင့်လှစ်ထားရှိခြင်း ဖြစ်သည်။