News

POST TYPE

NEWS

A BANK က MSME လုပ်ငန်းများကို ကျပ်သိန်း ၃၀၀၀ အထိ အများဆုံးထုတ်ချေးပေးမည်
17-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် A BANK က အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ချေးယူနိုင်မည့် ချေးငွေအမျိုးအစားများတွင် လုပ်ငန်းလည်ပတ်ရင်းနှီးမြှုပ်နှံမှုချေးငွေ၊ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုချေးငွေ၊ ရရန်ရှိကြွေးမြီများ ထောက်ပံ့မှုချေးငွေ၊ အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုချေးငွေ၊ စိုက်ပျိုးရေးစာချုပ် စာတမ်းချေးငွေ စသည့်ချေးငွေအမျိုးအစားများဖြစ်ပြီး ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိ အများဆုံးထုတ်ချေးပေးမည်ဖြစ်သည်။

ချေးငွေသက်တမ်းမှာ အများဆုံး ၃ နှစ်အထိဖြစ်ပြီး အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်ကာ ဘဏ်ကသတ်မှတ်ထားသည့် ဝန်ဆောင်ခများကိုလည်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ချေးငွေကို လစဉ် (သို့မဟုတ်) သုံးလတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ချေးငွေသည် အရောင်းအဝယ်ကိစ္စများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုများ၊ လုပ်အားခများနှင့် အခြားလုပ်ဆောင်ချက်များ လုပ်ဆောင်သည့် လုပ်ငန်းများအတွက် ကာလတိုချေးငွေ အမျိုးအစားတစ်ခုဖြစ်ပြီး ရာသီဥတုအပေါ်မူတည်သည့် လုပ်ငန်းများအတွက် ရရှိရန်နှင့် ငွေကြေးလိုအပ်ချက်ကို စိုက်ထုတ်ပေးခြင်းဖြစ်သည်။

“အသင်းအဖွဲ့တွေပေါင်းစပ်ပြီး ချေးငွေ များများပေးနိုင်အောင်တော့ လုပ်နေပါတယ်။ ဘဏ်တွေက ငွေကြေးမလုံလောက်တဲ့ အခက်အခဲတွေရှိတယ်။ လုပ်ရမယ့် ဘဏ်လုပ်ငန်းစဉ်တွေကလည်း ခက်ခဲတာတွေရှိတာပေါ့။ အပေါင်ပစ္စည်းပေးရမယ့် ချေးငွေတွေကျ ပိုဆိုးတာပေါ့။ MSME ချေးငွေတွေကတော့ ချေးပေးနေတာရှိတယ်။ တစ်နိုင်ငံလုံးကိုတော့ မလွှမ်းခြုံနိုင်သေးဘူး”ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က သုံးသပ်ပြောကြားသည်။

အပေါင်ပစ္စည်းအနေနှင့် မြေနှင့် အဆောက်အအုံ၊ ကုန်ပစ္စည်းအပေါင်၊ အစိုးရတင်ဒါစာချုပ်၊ ရွှေနှင့် လက်ဝတ်ရတနာပစ္စည်းများ၊ ဂိုဒေါင်စာရင်း (Third Party မှ စစ်ဆေး၍ သဘောတူထားသည့် စပါးလက်ကျန်စာရင်း)၊ ကိုယ်ရေးကိုယ်တာ အာမခံနှင့် အဖွဲ့အစည်းအာမခံ၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို အပေါင်ထား၍ရကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ချေးငွေလျှောက်ထားရန်အတွက် လိုအပ်သည့် အချက်အလက်များကို နီးစပ်ရာ A BANK ဘဏ်ခွဲတိုင်းတွင် စုံစမ်းလျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်များကို A BANK Call Center နှင့် A BANK ဝက်ဘ်ဆိုက် ဖြစ်သည့် https://www.abank.com.mm/my-MM/business-banking/sme/ တို့တွင် ဝင်ရောက်ကြည့်ရှု စုံစမ်းမေးမြန်းနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11