News

POST TYPE

NEWS

အမျိုးသမီးရဲဘက်စခန်းများ ပိတ်ရန် စဉ်းစားသင့်ဟု လူ့အခွင့်ရေးကော်မရှင်ဆို
17-Jul-2019
နေပြည်တော်၊ ဇူလိုင် ၁၇

အကျဉ်းဦးစီးဌာနအောက်မှ အမျိုးသမီး ကုန်ထုတ်စခန်း (ရဲဘက်)များရှိ အမျိုးသမီး အကျဉ်းသူများ၏ သားအိမ်ဆိုင်ရာ ထိခိုက်မှုများ ဖြစ်လာနိုင်သောကြောင့် ယင်းစခန်းများကိုပိတ်သင့်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားလိုက်သည်။

ယနေ့ (ဇူလိုင် ၁၇) ကျင်းပသည့်ပြည်ထာင်စုလွှတ်တော် အစည်းအဝေးတွင် ကော်မရှင်၏ ၂၀၁၈ ခုနှစ် ၊နှစ်ပတ် လည်အစီရင်ခံစာကို လာရောက်တင်သွင်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျောက်ထုတ်လုပ်သည့် ကုန်ထုတ်စခန်းတွေမှာ လေးလံတဲ့ဝန်တွေကို ထမ်းပိုးထုရိုက်ရတဲ့ အလုပ်ကို နေ့စဉ်၊ နှစ်ရှည် လုပ်ကိုင်နေရမယ်ဆိုရင် အမျိုးသမီးများအတွက် သားအိမ်ဆိုင်ရာ ထိခိုက်မှုများဖြစ်လာနိုင်တာကြောင့် အမျိုးသမီးကုန်ထုတ်စခန်းများကို ပိတ်ပင်ဖို့ စဉ်းစားသင့်ပါတယ်" ဟု ဦးဝင်းမရက ဆိုသည်။

ကော်မရှင်၏ ဝင်ရောက်လေ့လာချက်အရ အကျဉ်းသားဦးရေအလိုက် လိုအပ်ချက်နှင့်ကိုက်ညီသော သောက်ရေသန့်စက်များကို အစိုးရ၏ ဘဏ္ဍာရန်ပုံငွေမှ နှစ်စဉ်စီမံချက်ချ၍ တပ်ဆင်ပေးသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကျဉ်းသားများအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားခြင်းကို အင်းစိန်နှင့် မန္တလေးဗဟိုအကျဉ်းထောင်၌သာ ပီပြင်စွာ ဆောင်ရွက်နေပြီး ကျန်အကျဉ်းထောင်များတွင်လည်း အ သက်မွေးဝမ်းကြောင်း ပညာ သင်တန်းများကို ဖွင့်လှစ်ပေးသင့်ကြောင်း၊ လူငယ်အကျဉ်းသားများ၏ ပညာသင်ကြားမှုသည်လည်း အင်းစိန်နှင့် မန္တလေး အကျဉ်းထောင်တို့တွင် ကြိုးပမ်းဆောင်ရွက်မှုများတွေ့ရှိရပြီး အခြားအကျဉ်းထောင်များတွင်လည်း ယင်းသို့ဆောင်ရွက်ပေးသင့်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

ယင်းအပြင် အကျဉ်းကျကျောင်းသားလူငယ်များ ဂုဏ်ထူးများဖြင့်အောင်မြင်ပါက လွတ်ငြိမ်းချမ်းသာခွင့် (သိ့ုမဟုတ်) လျော့ပေါ့သက်သာခွင့်များပေးသကဲ့သို့ အကျဉ်းကျကျောင်းဆရာများကိုလည်း အလားတူ သက်သာခွင့်ပေးသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကေ်ာမရှင်၏တင်ပြသည့် အစီရင်ခံစာကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇူလိုင် ၂၂ ရက်နောက်ဆုံးထား၍ အမည်စာရင်းပေးရန် လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

S-01