News

POST TYPE

NEWS

ကချင်ပြည်နယ်တွင် ရေကြီးမှုနှင့် မိုးခေါင်မှု တပြိုင်တည်း ကြုံတွေ့
17-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၇

သဘာဝသယံဇာတများ အများဆုံးထုတ်ယူသည့် စာရင်းတွင် ပါဝင်နေသော ကချင်ပြည်နယ်သည် ရေကြီးမှုနှင့် မိုးခေါင်မှုကို တပြိုင်တည်းကြုံတွေ့နေရကြောင်း မိုးလေဝသနှင့် ဇလဗေဒ၏ အချက်အလက်များနှင့် ဒေသခံတောင်သူများ၏ ပြောဆိုချက်အရသိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နှင့်ဗန်းမော်မြို့နယ်များတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရပ်ကွက်ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော် ရှိခဲ့ကြောင်း ကချင်ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။

မိုးညှင်းမြို့တွင်မူ မိုးခေါင်ရေရှားမှုကြောင့် တောင်သူများ စပါးစိုက်ပျိုးရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများက The Voice Daily သို့ ဆက်သွယ်ပြောကြားသည်။

“မိုးခေါင်လို့ ခုချိန်ထိ ပျိုးတောင်ကျဲလို့ မရဘူး”ဟု မိုးညှင်းမြို့နယ် ဘီလူးကျေးရွာက တောင်သူတစ်ဦးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ စာရင်းအရ ၂၀၁၉ ခုနှစ် ဇူလိုင်လထိ မိုးရေချိန်များမှာ မြစ်ကြီးနားမြို့သည် ၃၈ လက်မ မိုးရွာသွန်းထားပြီး မိုးညှင်းမြို့မှာမူ ၁၅ ဒသမ ၅ လက်မသာ ရွာသွန်းထားသည်။

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသသည် ယခုနှစ်တွင် ခြောက်သွေ့မှု ပိုများနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“တစ်နှစ်ထက်တစ်နှစ် ဒေသအလိုက် ရာသီဥတုတွေ ပြောင်းလဲလာတယ်”ဟုလည်း ၎င်းက ဆိုသည်။

လတ်တလောတွင် မိုးညှင်းမြို့နယ်တွင် မိုးခေါင်ကာ စိုက်ပျိုးရေရှားနေသဖြင့် ရိုးရာအရ မနှင်းဆီနတ်ခေါ်ပွဲကို ဇူလိုင်လ ၁၅ ရက်နေ့က နမှီးစုရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်၏ စပါးအထွက်ဆုံးဒေသဖြစ်သည့် အင်းတော်ကြီးဒေသတွင်လည်း မိုးခေါင်နေ၍ စိုက်ပျိုးတောင်သူယခုနှစ်တွင် အရှုံးပေါ်မည်ဖြစ်ကြောင်း ယင်းဒေသ မိုင်းနောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

“ပျိုးကျဲထားတာတွေလည်း ပျိုးသက်လွန်ပြီး စိုက်လို့ မရကုန်တော့ဘူး”ဟု ၎င်းက ဆိုသည်။

မိုညှင်းမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးရွာစေရန် ရည်ရွယ်၍ ငါးရံ့မင်း ပရိတ်ရွတ်ဖတ်ပွဲကို သံဃာတော်များပင့်ဖိတ်၍ ရွတ်ဖတ်ခဲ့သေးသည်။


  • VIA