News

POST TYPE

NEWS

မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်များနှင့် မိသားစုဝင်များကို အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူ
17-Jul-2019

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၇

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်များကို ရိုဟင်ဂျာ မွတ်ဆလင်များ (မူရင်းထုတ်ပြန်ချက်ပါ အသုံးအနူန်း) အား တရားရုံးမတင်ဘဲ သတ်ဖြတ်ခြင်းများ၊ ပဋိပက္ခဒေသများတွင် ဖြစ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်၍ အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ပိတ်ခြင်း အပြင် ပိတ်ဆို့အရေးယူမှုများကို ကြေညာလိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး အပါအဝင်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ တပ်မ ၃၃ နှင့် ၉၉ တို့၏ စစ်ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်တို့ကို ၄င်းတို့၏ မိသားစုဝင်များနှင့်အတူ ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွါးလျက်ရှိသော နေရာများနှင့် ကချင်၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွါးနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိပါကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ရှိသူများအနေနဲ့ တာဝန်ခံစေဖို့အရေး မြန်မာအစိုးရက ဆောင်ရွက်မှုတစ်စုံတရာမရှိတဲ့အတွက်နဲ့၊ တိုင်းပြည်အနှံ့မှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်နေတာကြောင့် ကျွန်တော်တို့ စိုးရိမ်ပူပန်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပီယိုက ကြေညာချက်အတွင်း ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ဆေးရုံးတင်ခြင်းမရှိဘဲ ရိုဟင်ဂျာများကို သတ်ဖြတ်လိုက်သော အင်းဒင်ရွာ လူသတ်မှုကို ကျူးလွန်သူ တပ်မတော်သားများအား ပြန်လွှတ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေးခဲ့ခြင်းကိုလည်း တပ်မတော်နှင့် တပ်မတော်၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ခံမှုမရှိသည့် ဥပမာတစ်ရပ်ဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ အဆိုပါ ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို လအနည်းငယ်သာ အကျဉ်းထောင်ထဲမှာ နေခိုင်းခဲ့ပြီး လူသတ်မှုအကြောင်း ကမ္ဘာကို ဖွင့်ချခဲ့တဲ့ သတင်းစာဆရာများကတော့ ရက်ပေါင်း ၅၀၀ ကျော် ထောင်ထဲမှာ နေခဲ့ရသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူများ တက်ရောက်ခဲ့ကြသော နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို ဦးဆောင်သည့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ ဝန်ကြီးအဆင့် ညီလာခံ၏ ပထမနေ့တွင် အမေရိကန်အစိုးရ၏ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများသည် အရပ်သားများအပေး လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေခြင်းကြောင့် စစ်ရာဇဝတ်မှုများ မြင့်တက်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂစုံစမ်းရေး အရာရှိ တစ်ဦးက ပြီးခဲ့သည့် လပိုင်းက ပြောကြားထားသည်။

F-02