News

POST TYPE

NEWS

နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဘီလီယံခန့် ပိုမိုရရှိ
17-Jul-2019


ရန်ကုန်၊ ဇူလိုင် ၁၆

နယ်စပ်ကုန်သွယ်မှုအနေနှင့် ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ယခင်နှစ် ကာလတူပမာဏထက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် ပိုမိုရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခင်ဘဏ္ဍာနှစ်ကာလတူက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ ခန့် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့်အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ကာလတူထက်စာရင် နယ်စပ်ကုန်သွယ်မှုက ၁ ဘီလီယံလောက် တိုးလာတာရှိတယ်။ တရုတ်ရော၊ ထိုင်းရော၊ အိန္ဒိယရော နယ်စပ်ဒေသအကုန်လုံးပေါ့”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံဘက်က တရားမဝင်တင်ပို့သည့် ကုန်စည်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုကို ရပ်တန့်ထားရပြီး တောင်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တရားဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်တင်ပို့နေသော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

“တရုတ်ရဲ့မူဝါဒအရ တရားဝင် ကုန်သွယ်မှုကိုပဲဆောင်ရွက်တာ။ မြန်မာနိုင်ငံတင်ပို့တဲ့ဆန်ဆိုရင် ကိုတာစနစ်နဲ့ သွားရင်သွား၊ မသွားရင် အခွန်ပေးပြီးသွားရမယ်။ အခွန်ကလည်း ၆၅ ရာခိုင်နှုန်းလောက် ပေးရမှာ။ အဲဒီလိုဆိုတော့ ကုန်သည်တွေက တရားမဝင်ကုန်သွယ်မှုတွေရှိတဲ့ အခါကျတော့ ဒီတရားမဝင်ကိစ္စကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်တော့ ဒီလိုတွေ ဖြစ်လာတာ” ဟု ဦးခင်မောင် လွင်က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံသို့ အခွန်မပေးဆောင်ရဘဲ တရားမဝင် ကုန်သွယ်မှုဖြင့် တင်ပို့ရောင်းချနိုင်ရန် အတွက် ကုန်ပစ္စည်းဖလှယ်သည့်စနစ်၊ ကိုတာ (ဝေစုပမာဏ) စနစ်တို့ဖြင့် တင်ပို့နိုင်ရန် တရုတ်နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။  

J-11


  • VIA