News

POST TYPE

NEWS

ကောလင်းရှိ လာကာကြိုးဝိုင်းအတွင်း ကုမ္ပဏီနှစ်ခုကို ဓာတ်သတ္တုရှာဖွေခွင့်ပြုထား
17-Jul-2019
ကလေး၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းရှိ ရွှေထွက်ရှိရာ လာကာကြိုးဝိုင်းအတွင်း ဓာတ်သတ္တုရှာဖွေစမ်း သပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအတွက် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောကြားသည်။

ဇူလိုင် ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ကောလင်းမြို့ လာကာကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိထားသော ရွှေထွက်ရာနေရာ များကို အသေးစား၊ အလတ်စား သို့မဟုတ် အကြီးစားပေးမည်ကို ပွင့်လင်းမြင်သာစွာ ကြေညာ၍ လေလံပစ်သည့်စနစ်ဖြင့် မျှတသောယှဉ်ပြိုင်ခွင့်ပေးရန် စီစဉ်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

လာကာကြိုးဝိုင်းအတွင်း ရွှေထွက်ရှိရာနေရာများသည် ပြည်ပကုမ္ပဏီဖြစ်သော Myanmar Reserve Development ကုမ္ပဏီ၏ ရွှေ၊ ကြေးနီနှင့် ဆက်စပ်သတ္တု ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းအဖြစ် ခွင့်ပြုထားသည့် ဧရိယာမှာ ၆၅ ဒသမ ၁၀၃၂ စတုရန်းကီလိုမီတာအတွင်း ကျရောက်လျက်ရှိပြီး ကျန်ဧရိယာများသည် မြောက်ကျွန်းသူမကုမ္ပဏီ၏ရှာဖွေစမ်းသပ် တိုင်းတာရေးလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ကွက်များဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြပြောဆိုသည်။

ယင်းသို့ လုပ်ကိုင်နေသည့်အတွက် လက်ရှိအချိန်တွင် အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ကွက်များချထားပေးရန် အစီအစဉ်မရှိသေးဘဲ ပြည်ပရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများက ခွင့်ပြုမိန့်ဧရိယာ အချို့ပြန်လည်အပ်နှံခဲ့ပါက သတ္တုတွင်း နည်းဥပဒေအရ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး လာကာကြိုးဝိုင်းအတွင်းရှိ ရွှေနှင့်ကြေးနီသတ္တု အကြီးစား သတ်မှတ်လုပ်ကွက်ဧရိယာ ၁၁၉၅၅ ဒသမ ၉၉ စတုရန်း ကီလိုမီတာ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။ 

R-20



  • VIA