News

POST TYPE

NEWS

ဒေါ်လာသန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၁၀ ခုကို ခွင့်ပြု
17-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၂၂၂ သန်း ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၃ ခုနှင့် အတည်ပြုလုပ်ငန်း ၇ ခုတို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ယင်းလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြု လုပ်ငန်း ၃ ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ၅ ခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြု လုပ်ငန်း ၁ ခုနှင့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ၁ ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုအတည်ပြုလုပ်ငန်း ၁၀ ခု တွင် စက်မှုကဏ္ဍမှ ၈ ခု၊ အိမ်ရာကဏ္ဍမှ ၁ ခုနှင့် အခြားကဏ္ဍမှ ၁ ခုတို့ဖြစ်သည်။

“အခုခွင့်ပြုလိုက်တဲ့အထဲမှာ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ထဲမှာ ဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားတဲ့လုပ်ငန်းတစ်ခုကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိ၊ မရှိတို့ကို စိစစ်ပြီး ခွင့်ပြုပေးခဲ့ပါတယ်။ မော်တော်ယာဉ်အစီးပေါင်း ၁၂၀၀ ကျော် ပါဝင်မှာပါ။ ရန်ကုန်မြို့အတွင်းမှရှိနေတဲ့ ပြည်သူတွေဟာ Shopping Mall တွေနဲ့ အဲဒီမှာ သွားရောက် အနားယူနိုင်မှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ခွင့်ပြုပေးလိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၇ သန်းကျော် ရင်းနှီးမြှုပ်နှံ၍ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည့် Shopping Mall လုပ်ငန်းတစ်ခုနှင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၇ သန်းကျော် ရင်းနှီးမြှုပ်နှံ၍ CMP စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ တည်ဆောက်မည့် ရော်ဘာဘုတ်တို့ကို ပြည်ပသို့ ၁၀၀ ရာခိုင်နှုန်း ပြန်လည်တင်ပို့မည့် လုပ်ငန်းတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါလုပ်ငန်းများမှ ပြည်တွင်း လုပ်သား ၃၁၅၃ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

J-11


  • VIA