News

POST TYPE

NEWS

ပဲခူးတိုင်း မြို့နယ် ၅ မြို့နယ်ရှိ မိုးစပါးစိုက်ခင်းများ ရွှေခရုများကျရောက်ဖျက်ဆီးခံရ
08-Jul-2019



တောင်ငူ၊ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ပဲခူးမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၅ ခုရှိ မိုးစပါးစိုက်ခင်းများတွင် ယခုနှစ် ဇွန်လ နောက်ဆုံးပတ်မှစပြီး ရွှေခရုများ ကျရောက်ဖျက်ဆီးခံနေရကြောင်း ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပဲခူး၊ အုတ်တွင်းနဲ့ ရွှေကျင်မြို့နယ်ဘက်မှာ ခရုကျတာ များတယ်။ မြို့ပေါင်း ၈ မြို့လောက်မှာ ခရုကျနေတာဖြစ်ပြီး မနှစ်ကတော့ ခရုဖျက်ခံခဲ့ရတဲ့စိုက်ဧက ၁၃၀၀ ကျော်ပြီး ဒီနှစ်တော့ စာရင်တွေပြုစုနေဆဲဆိုတော့ ခန့်မှန်းဧကတောင် ပြောမရသေးဘူး”ဟု ၎င်းက ပြောကြားသည်။

စိုက်ပျိုးရေးဌာနအနေဖြင့် သီးနှံကာကွယ်ရေးစီမံချက်အနေဖြင့် မြို့နယ်အလိုက် ရွှေခရုဥများကို တစ်မြုံလျှင် ၂၀ ကျပ်ဖြင့် ဝယ်ယူဖျက်ဆီးခဲ့သည့် ဥမြုံပေါင်း ၅ သိန်းကျော် ရှိခဲ့သော်လည်း လက်ရှိတွင် ဘတ်ဂျက်မလောက်၍ ဝယ်ယူဖျက်ဆီးရေးလုပ်ငန်းများ ရပ်တန့်ထားကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ယင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးက “ဘယ်သူကောက်လာလာ နှစ်ဆယ်နဲ့ ဝယ်ယူဖျက်ဆီးတာ အောင်မြင်တယ်။ ခက်တာက ရန်ပုံငွေမလောက်တာပါ။ အခုလက်ရှိတော့ ခရုမြုံဝယ်တဲ့ အစီအစဉ်ရပ်နားထားရတယ်”ဟု ပြောကြားသည်။

ရွှေခရုဟုအမည်ပေးထားသည့် သီးနှံဖျက်ခရုကျမှ ဖျက်ဆီးသည့်နည်းလမ်းထက် ကာကွယ်နှိမ်နင်းရေး နည်းလမ်းက ပိုမိုထိရောက်ပြီး မိုးစပါးမစိုက်ပျိုးမီ မြေယာပြုပြင်စဉ်ကတည်းက ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်ခုအနေဖြင့် ထုံးထည့်ပြုပြင်မှုများ လုပ်ဆောင်နိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူအချို့က အကြံပေးပြောဆိုသည်။

သီးနှံဖျက်ပိုးကျရောက်သည့် ပုံသဏ္ဍာန်မှာ ရာသီဥတုအခြေနေနှင့်အဓိကသက်ဆိုင်ပြီး ကြိုတင်ကာကွယ်မှု နည်းလမ်းဆိုသည်မှာလည်း စိုက်ပျိုးရေးဦးစီးဌာနကဲ့သို့သော တတ်ကျွမ်းနာလည်သည့် ပညာရှင်များက ဦးဆောင်ကူညီပေးမှသာဖြစ်နိုင်ကြောင်း ပဲခူးမြို့နယ်အဝိုင်းကျေးရွာနေ တောင်သူတစ်ဦးက ပြောကြားသည်။

R-15