News

POST TYPE

NEWS

လှည်းကူး သီလရှင်ကျောင်းမှ H1N1 သံသယရှိ ၈ လသား ကလေးငယ် ကျန်းမာရေးပြန်လည်ကောင်းမွန်
08-Jul-2019


ရန်ကုန်၊ ဇူလိုင် ၈

ရာသီတုတ်ကွေး H1N1 သံသယကြောင့် ယာယီသွားလာခွင့်ပိတ်ထားသည့် လှည်းကူးသီလရှင်ကျောင်းမှ ၈ လသား ကလေးငယ်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ကျောင်းရှိ သီလရှင်များ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါသီလရှင်ကျောင်းမှ စုံစမ်းသိရှိရသည်။

လှည်ကူးမြို့နယ် ကျွန်းကလေးကျေးရွာရှိ အေးမြနန္ဒာယော သီလရှင်ကျောင်းတွင် မွေးစားထားသော ၈ လသားကလေးငယ်မှာ H1N1 ရောဂါလက္ခဏာများ တွေ့ရှိသဖြင့် ကလေးငယ်ကို ဇွန် ၂၃ ရက်တွင် ရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ကျောင်းမှ သီလရှင်များ အပြင်သွားလာခွင့်ကို ကျေးလက်ကျန်းမာရေးဦးစီးဌာနက ပိတ်ထားခြင်းဖြစ်ကြောင်း တိုက်အုပ်သီလရှင်ဒေါ်ဝနမာလာ ကပြောသည်။

အဆိုပါ H1N1 သံသယရှိကလေးငယ်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဇူလိုင် ၃ ရက်တွင် ရန်ကင်း ကလေးဆေးရုံးမှ ပြန်ဆင်းလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကောင်းသွားပြီ။ ဒါပေမဲ့ ကလေးက နှလုံးမှာအပေါက်ပါတယ်။ ပြီးတော့ အဆုတ်အားနည်းတယ်ဆေးရုံမှာ ပြန်ကုရအုန်းမယ်”ဟု ဒေါ်ဝနမာလာက ပြောသည်။

အဆိုပါကလေးမှာ ၂၀၁၈ ခုနှစ်အောင်မင်္ဂလာအဝေးပြေးအတွင်း မိဘများမှလာရောက်စွန့်ပစ်ထားခဲ့ရာ အေးမြနန္ဒာယောသီလရှင်ကျောင်းမှ ခေါ်ယူမွေးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အေးမြနန္ဒာယောသီလရှင်ကျောင်းကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ မှစတင်ကာ မိဘမဲ့အမျိုးသမီးကလေးများ၊ စွန့်ပစ်ကလေးများအား ပြုစုစောင့်ရှောက်ခဲ့ရာ အခုချိန်တွင် ကလေးငယ် ၁၃၃ ဦးပြုစုစောင့်ရှောက်ပေးနေကြောင်း တိုက်အုပ်ဆရာတော်ဒေါ်ဝနမာလာက ပြောသည်။

ရာသီတုတ်ကွေး H1N1 မှာ ဇွန်လအတွင်း ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိကာ သေဆုံးသူ ၃၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အေးချမ်းသူ



  • VIA