News

POST TYPE

NEWS

အကျဉ်းကျခံရာမှ လွတ်မြောက်လာသည့် ရောဂါရှိသူများ ဆေးဝါးမပြတ်ရန် အရေးကြီး
08-Jul-2019

ရန်ကုန်၊ ဇူလိုင် ၇

အကျဉ်းကျခံရသူများတွင် မကူးစက်တတ်သော နာတာရှည်ရောဂါရှိသူများ၊ တီဘီရောဂါဖြစ်ပွားသူများ၊ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူများတွင် ဆေးဝါးကုသမှုခံယူခြင်း ပြတ်တောက်မှုမရှိစေရေးနှင့် ၎င်းတို့ ပြန်လည်လွတ်မြောက်သည့်အခါ၌လည်း လိုအပ်သည့် ဆေးဝါးကုသမှုပြတ်တောက်မှု မရှိစေရန် အရေးကြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါရောဂါများကို ဆေးဝါးကုသမှု စနစ်တကျမခံယူပါက အကျဉ်းကျသူများအတွက် အန္တရာယ်ရှိရုံသာမက အခြားသူများထံသို့ပါ ရောဂါကူးစက်ပြန့်ပွားစေနိုင်ကြောင်း၊ အကျဉ်းကျခံရသူများ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်စေရေးအတွက် နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းများ အရေးကြီးကြောင်း၊ အသိပေးမျှဝေမှု “ဗုဒ္ဓဟူးနေ့နံနက်ပိုင်း အစည်းအဝေး”တွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များရှိ အကျဉ်းကျခံရသူများတွင် ဖြစ်ပွားတတ်သည့် ကျန်းမာရေး ပြဿနာများ၊ အကျဉ်းထောင်များ၏ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စရပ်များအပြင် ယေဘုယျ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေစသည့် အခြေခံအချက်အလက်များကိုဆန်းစစ်၍ အကျဉ်းထောင်များတွင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို မွမ်းမံပြင်ဆင်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) အဖွဲ့က လာမည့် ၂ နှစ်တာကာလအတွင်း အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကလေးကျန်းမာဖွံ့ဖြိုးရေး၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ခုခံကျကာလသားရောဂါတိုက်ဖျက်ရေး၊ မူးယစ်ဆေးစွဲကုသခြင်းနှင့် အသည်းရောင် အသားဝါရောဂါ ကာကွယ်ကုသခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ရန်ပုံငွေများ ပံ့ပိုးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12