News

POST TYPE

NEWS

ဆရာ၊ ဆရာမများ လက်ဆောင်ပစ္စည်းပေးခြင်း၊ ယူခြင်းလုံးဝမလုပ်ရန် ပညာရေးဝန်ကြီး သတိပေး
07-Jul-2019



ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးအဖွဲ့

ရန်ကုန်၊ ဇူလိုင် ၇

ဆရာ၊ ဆရာမများအနေဖြင့် ညွှန်ကြားထားသည့်အတိုင်း လက်ဆောင်ပစ္စည်းပေးခြင်း၊ ယူခြင်းလုံးဝမပြုလုပ်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်နေ၍ ဆရာ၊ ဆရာမများက စံပြနေထိုင်ကြရန် ပညာရေးဝန်ကြီးက သတိပေးပြောဆိုသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဇူလိုင် ၇ ရက်က ပြုလုပ်သည့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ယင်းသို့သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့် စာရင်းရှိသော်လည်း ကျောင်း၌မရှိခြင်း၊ ခွင့်မဲ့ပျက်ကွက်ခြင်း၊ လူမှုရေးအရှုပ်အထွေးများ လုံးဝမဖြစ်ပေါ်စေရန်အရေးကြီးကြောင်း ၎င်းက ထည့်သွင်းသတိပေးပြောဆိုခဲ့သည်။

လက်ဆောင်ပေးခြင်း၊ ယူခြင်း၊ ငွေကြေးရယူခြင်းများလုံးဝမပြုလုပ်ရန်နှင့် မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုလုပ်ရန် ယခုနှစ် မေလကုန်ပိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်းက သတိပေးစာထုတ်ပြန်ခဲ့သေးသည်။