News

POST TYPE

NEWS

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နှင့် အောင်သပြေရွာမှ ကိုးတန်းကျောင်းသားကို ပြန်လွှတ်ပေးရန် တောင်းဆို
07-Jul-2019


ရန်ကုန်၊ ဇူလိုင် ၇

တပ်မတော်မှ တရားစွဲဆိုဖမ်းဆီးခံထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များနှင့် မန္တလေးတိုင်း အောင်သပြေကျေးရွာရှိ ကိုးတန်းကျောင်းသာ မောင်တူးဝေယံကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းတွင် ဇူလိုင်လ ၇ ရက်က ပြုလုပ်သည့် ၅၇ နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားတွင် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ သြင်္ကန်ကာလသံချပ်များသည် တပ်မတော်ကို စော်ကားသည်ဟုဆိုကာ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တို့ဖြင့် တပ်မတော်မှ တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင် သံချပ်အဖွဲ့တွင်ပါသူ ၇ ဦးမှာ အာမခံမရဘဲ တရားရင်ဆိုင်နေရသည်။

ကိုးတန်းကျောင်းသား မောင်တူးဝေယံမှာမူ မန္တလေးတိုင်း အောင်သပြေကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်ဟု ဖမ်းဆီးထားခြင်းဖြစ်သည်။

“သူ့ကို ဘာကြောင့် ဖမ်းလည်းဆိုရင် သူ့ရဲ့အဖေက လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်၊ အဲလိုပါဝင်ခဲ့တာကို အဖေကို မမိလို့ သားကို ပြန်ပေးဆွဲတဲ့ပုံစံမျိုးနဲ့ ဖမ်းတာပေါ့နော်၊ ဒီအတွက်ကြောင့်မို့ (၉) တန်းကျောင်းသားလေးကိုလည်း ဒီကနေ့ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ဗကသများအဖွဲ့ချုပ်မှ မအိသီရိက ပြောသည်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်အတွင်း ဆန္ဒပြနေသောကျောင်းသားများကို စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အုံကို ဗုံးခွဲဖျက်ဆီးလိုက်ခြင်းကြောင်း ကျောင်းသား ၁၀၀ ကျော် သေဆုံးခဲ့ပြီး နှစ်စဉ် ဇူလိုင် ၇ ရက်ရောက်တိုင်း အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပကြခြင်းဖြစ်သည်။