News

POST TYPE

NEWS

တက္ကစီပေါ်တွင် ခရီးသည်အား ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်သူများကို ဖမ်းမိ
07-Jul-2019
ရန်ကုန်၊ ဇူလိုင် ၇

သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှေ့ လေးထောင့်ကန်လမ်းပေါ်တွင် အငှားယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦးကို ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသူ အမျိုးသားမှာ တောင်ဥက္ကလာပတွင် နေထိုင်သူဖြစ်ပြီး ဇူလိုင် ၂ ရက် နံနက် ၂ နာရီက ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် အငှားယာဉ်တစ်စီးအား ကျပ်နှစ်ထောင်ဖြင့် ငှား၍ ၎င်းနေအိမ်သို့ ပြန်လာခဲ့စဉ် သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှေ့ လေးထောင့်ကန်လမ်းအရောက် ယာဉ်နောက်ခန်းတွင် ပုန်း၍လိုက်ပါလာသည့် အမျိုးသားနှစ်ဦးက ခရီးသည်အမျိုးသားကို ဓားဖြင့်ထောက်ပြီး ငွေကျပ်သုံးသိန်းနှင့် လက်ကိုင်ဖုန်းနှစ်လုံးကို လုယူခဲ့သည်။

ယင်းနောက် ခရီးသည်အမျိုးသားကို သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပန်းဈေးတန်း မရောက်မီတွင် ယာဉ်ပေါ်မှ တွန်းချပြီး မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် လုယက်ခံရသည့် ခရီးသည်အမျိုးသားမှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တိုင်ကြားလာသဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်း (ပ) ၅၇၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့သည်။

လုယက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူများမှာ ဒဂုံတောင်မြို့နယ်တွင် နေထိုင်သူများဖြစ်သော ဇေယျာမျိုးမောင် (၂၅) နှစ်၊ အတာ (ခ) ဘိုဖုချို (၁၈) နှစ်၊ တိုးတိုးအောင် (ခ) ဇော်အောင် (ခ) တိုးကြီး (၂၆) နှစ်နှင့် မျိုးသက် (၂၇)နှစ်တို့ကို ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပြီး အခြားကျူးလွန်ထားသော အမှုများ ရှိ မရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03