News

POST TYPE

NEWS

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ထည့်သွင်းရန် အမေရိကန်အမတ်ပြောကြားမှု အချုပ်အခြာအာဏာ ဝင်ရောက်စွက်ဖက်ခြင်းဟု နိုင်ငံရေးပါတီများတုံ့ပြန်
04-Jul-2019
ရန်ကုန်၊ ဇူလိုင် ၄

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ဒုက္ခသည်များနှင့်ပတ်သက်၍ အစိုးရအနေနှင့် တာဝန်ယူနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်ကြောင်း အမေရိကန်လွှတ်တော်အမတ် Mr. Brad Sherman ၏ပြောဆိုချက်အပေါ် ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းအသီးသီးက ကန့်ကွက်သည့် ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်အောက်လွှတ်တော်တွင် အမေရိကန်အစိုးရ၏ ၂၀၂၀ ပြည့်နှစ်အတွက် အရှေ့တောင်အာရှ ဘတ်ဂျက်ဆိုင်ရာ လျာထားချက်ကြားနာပွဲပြုလုပ်ရာတွင် အမေရိကန် လွှတ်တော်အမတ် Mr. Brad Sherman ကပြောကြားရာ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်နေထိုင်သည့် ဒုက္ခသည်များ၏အခွင့်အရေးကို အကာအကွယ်ပေးနိုင်မည့် အုပ်ချုပ်မှုမျိုး မြန်မာအစိုးရအနေနှင့် လုပ်ဆောင်နိုင်ခြင်းမရှိပါက အဆိုပါဒေသအစိတ်အပိုင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လွှဲပြောင်းပေးသင့်ကြောင်း၊ ယင်းသို့လွှဲပြောင်းပေးရန် အမေရိကန်အစိုးရကလည်း ထောက်ခံသင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မှတ်ချက်ပေးပြောဆိုမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးလာခြင်းဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း ကြေညာချက်များကို ပြည်တွင်းရှိ နိုင်ငံရေးပါတီများက ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးဒီမိုကရေစီပါတီသစ် အစရှိသည့်ပါတီများက ယင်းမှတ်ချက်ပေးပြောကြားမှုကို လက်မခံနိုင်ကြောင်း ကန့်ကွက်သည့် ကြေညာချက်များကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ယင်းသို့ မှတ်ချက်ပြုပြောကြားချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးလာခြင်းဖြစ်ကာ မြန်မာနိုင်ငံအစိုးရအနေနှင့် တုံ့ပြန်ဆောင်ရွက်မှု တစ်စုံတစ်ရာ လုပ်ဆောင်သေးခြင်း မရှိသည့်အပေါ်တွင်လည်း အမျိုးသားဒီမိုကရေစီပါတီသစ်က ဝေဖန်ထားသည်။

ထို့ပြင် အမေရိကန်လွှတ်တော်အမတ်၏ ပြောဆိုချက်သည် အစွန်းရောက်သမားများနှင့် ပြည်ပအသိုင်းအဝိုင်းက တောင်းဆိုနေသည့် မြန်မာပိုင် နယ်မြေ ဖဲ့ထုတ်ရေး ဦးတည်ချက်ကို မီးလောင်ရာလေပင့်သည့် သွေးထိုးလှုံ့ဆော်ချက်ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ရာရောက်ကြောင်း နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမေရိကန်လွှတ်တော်အမတ်၏ ယင်းပြောဆိုချက်သည် ကျိုးကြောင်းဆီလျော်မှုမရှိသည့် ပြောဆိုချက်ဖြစ်ကာ မြန်မာနိုင်ငံမှာ Safe Zone တည်ထောင်ရေး ပြောကြားမှုအပါအဝင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် မည်သည့်ပြောဆိုမှုမျိုးကိုမဆို မြန်မာအစိုးရအနေနှင့် လက်မခံနိုင်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောကြားသည်။

“ဒီပြောကြားချက်ကို နိုင်ငံတကာကလည်း အလေးထားမှုမရှိပါဘူး။ မြန်မာအစိုးရက တရားဝင် ကြေညာချက်ထုတ်မယ်ဆိုရင် ဒီပြောဆိုချက်ကို အလေးထားရာရောက်သွားပြီး နိုင်ငံတကာကလည်း အာရုံစိုက်လာမယ်”ဟု ၎င်းကဆိုသည်။

အမေရိကန် လွှတ်တော်အမတ် Mr. Brad Sherman သည် အမေရိကန်အောက်လွှတ်တော်တွင် အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည်။

J-08