News

POST TYPE

NEWS

မြန်မာဘက်နယ်နိမိတ်ကျော်လွန်၍ အိန္ဒိယက ကားလမ်းဖောက်လုပ်မှု စစ်ဆေးကန့်ကွက်မည်
04-Jul-2019

ကလေး၊ ဇူလိုင် ၄

မြန်မာ- အိန္ဒိယနယ်စပ်တွင် အိန္ဒိယဘက်က ကားလမ်းဖောက်လုပ်နေမှုမှာ မြန်မာဘက်ခြမ်း နယ်နိမိတ်အတွင်းသို့ ကျော်လွန်နေသည်ဟု ဒေသခံများ၏အဆိုအရ သိရှိရသဖြင့် သွားရောက်စစ်ဆေးနေပြီး နယ်နိမိတ်ကျော်လွန်ပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။

“အုပ်ချုပ်ရေးမှူး သွားကြည့်ခိုင်းတော့ ပေ ၃၀ ကျော်တယ်လို့ ပြောတယ်။ တို့တော့ အဲဒါသေချာ မတိုင်းရသေးဘူး။ အဖွဲ့တွေနဲ့ သွားကြည့်နေကြပြီ။ သွားစစ်လို့ ဒီဘက်ခြမ်းပါနေရင်တော့ ကန့်ကွက်မယ်”ဟု ၎င်းက ပြောဆိုသည်။

တမူးမြို့နယ်၊ ကွန်တောင်းကျေးရွာအုပ်စု၊ ဆရာစံကျေးရွာအနောက်ဘက် နယ်ခြားမှတ်တိုင် BP 82 နှင့် BP 83 အကြားတွင် အိန္ဒိယနိုင်ငံမှ ကားလမ်းဖောက်လုပ်နေခြင်းဖြစ်သည်။

ယင်းသို့ ကားလမ်းဖောက်လုပ်မှုကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဒေသခံများက သွားရောက်စစ်ဆေးရာတွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ပေ ၃၀ ကျော်အထိ ကျော်လွန်ရောက်ရှိနေကြောင်းကို တွေ့ရှိရသဖြင့် တမူးမြို့နယ်ရှိ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

နယ်စပ်တွင် ခြံစည်းရိုးခတ်မည်ဟုဆိုကာ ကားလမ်းဖောက်လုပ်ခြင်းကို အိန္ဒိယနိုင်ငံဘက်ခြမ်းက လွန်ခဲ့သည့် သုံးလခန့်ကစတင်၍ နယ်စပ်တစ်လျှောက် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်း ကျူးကျော်ဖောက်လုပ်သည့်နေရာ အများအပြားတွေ့ရှိရပြီး ယင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများကဖြေရှင်းပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် မပြုလုပ်ရန် တားမြစ်ပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

R-20