News

POST TYPE

NEWS

ကျောင်းကားစီးမည့် ကျောင်းသားများကို Smart Card ထုတ်ပေးမည်
04-Jul-2019

ရန်ကုန်၊ ဇူလိုင် ၎

ကျောင်းကားစီးနင်းရာတွင် လုံခြုံရေးအတွက် အတက်အဆင်းပြုလုပ်နိုင်မည့် စမတ်ကတ်ကို ကျောင်းသားကျောင်းသူများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်ကပြောသည်။

အဆိုပါကတ်တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ၊ ကျောင်းအမည်များကို ထည့်သွင်းထားပြီး ကျောင်းသား ကျောင်းသူများ အတက်၊ အဆင်းပြုလုပ်သည့်အချိန် အတိအကျကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဘေးအန္တရာယ် လုံခြုံရေးအတွက် နည်းပညာအသုံးပြုတဲ့ အခြေအနေတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်။ ကျောင်းသားတွေရဲ့ကတ်စနစ်ပုံစံကို ဆောင်ရွက်နေပါပြီ။ အနောက်ကနေ အထောက်အပံ့ပြုနေတဲ့ နည်းပညာကုမ္ပဏီကလည်း ပြောကြားထားပြီးဖြစ်ပါတယ်”ဟု ဦးအောင်ညီညီမော်က ဆိုသည်။

ဇူလိုင်လအတွင်း ကျောင်းသား မိဘများထံ ကျောင်းသား၊ ကျောင်းသူများ၏ Data အချက်အလက်များ တောင်းခံမှုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေတာ အချက်အလက် အပြည့်အစုံရရှိပါက တစ်ပြိုင်တည်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

စမတ်ကတ်ထုတ်ပေးပြီးပါက ကျောင်းကားများတွင် ကျောင်းသားကျောင်းသူများ အတက်အဆင်း ပြုလုပ်သည့်အချိန်ကို ကျောင်းသားမိဘများမှ Mobile Application ဖြင့် ကြည့်ရူနိုင်မည်ဖြစ်ပြီး လုံခြုံရေးအရ CCTV အပါအဝင် အတက်အဆင်း ပြုလုပ်နိုင်သည့် စက်ကိရိယာများကို ကျောင်းကား အားလုံးတွင် တပ်ဆင်ထားပြီးဖြစ်ကြောင်း YRTA ထံမှ သိရသည်။

လက်ရှိတွင် အစိုးရမှ ကျောင်းကား ၉၂ စီးဖြင့် ရန်ကုန်တိုင်းရှိ ကျောင်း ၁၂ ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈၇၆ ဦးကို ပို့ဆောင်ပေးနေကြောင်း YRTA ထံမှ သိရသည်။

J-10