News

POST TYPE

NEWS

ကမ္ဘာသည် စစ်ပွဲနှင့် ရင်ဆိုင်နေရပြီဟု ပုပ်ရဟန်းမင်းကြီး သတိပေး
29-Jul-2016

ဝါဆော၊ ဇူလိုင် ၂၇

ကမ္ဘာကြီးသည် စစ်ပွဲနှင့် ရင်ဆိုင်နေပြီ ဖြစ်ကြောင်း မကြာသေးမီက ဂျီဟတ်ဝါဒီတို့၏ ဥရောပတစ်လွှား တိုက်ခိုက်မှုများက သက်သေပြနေသည်ဟု ပုပ်ရဟန်းမင်း ဖရန်စစ်က သတိပေးခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

သို့သော်လည်း ဘာသာရေး အယူဝါဒများ၏ စစ်ပွဲဟု မဆိုလိုဘဲ “အကျိုးစီးပွားများ၊ ငွေကြေးနှင့် သယံဇာတများ” အတွက် ဖြစ်သည့် ပဋိပက္ခသာ ဖြစ်သည်ဟု ပုပ်ရဟန်းမင်းက သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ပြင်သစ်တွင် ဂျီဟတ်ဝါဒီများက ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ပုပ်ရဟန်းမင်းက ပိုလန်သို့ မထွက်ခွာမီ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ပြင်သစ်မြောက်ပိုင်း စိန့်အက်တီယန်-ဒူရူဗရေးတွင် ဘုန်းတော်ကြီး ယော်ကေးဟာမဲလ်သည် သူ့ဘုရားကျောင်း၌ နံနက်ခင်း ဝတ်ပြုနေစဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းသတ်ဖြတ်မှုမှာ ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အစ္စလာမ္မစ် စစ်သွေးကြွများ ပြင်သစ်နှင့် ဂျာမနီတွင် အကြမ်းဖက်မှုများထဲမှ နောက်ဆုံးဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။

“မလုံခြုံမှုဆိုတဲ့ စကားလုံးကို တော်တော်ကြားနေရတယ်။ ဒါပေမဲ့ တစ်ကယ့်စကားလုံးက စစ်ပွဲပါ” ဟု ပုပ်ရဟန်းမင်းက ဆိုသည်။

“ကျုပ်တို့တွေ အမှန်ကိုပြောဖို့ မကြောက်သင့်ဘူး။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို ဆုံးရှုံးခဲ့တာကြောင့် စစ်ပွဲနဲ့ ရင်ဆိုင်နေရတယ်။ စစ်ပွဲလို့ ပြောတဲ့နေရာမှာ ဘာသာရေးကို ဆိုလိုတာ မဟုတ်ဘူး။ အကျိုးစီးပွားတွေ၊ ငွေကြေးနဲ့ သယံဇာတတွေနဲ့ ပတ်သက်တဲ့ စစ်ပွဲတွေကိုသာ ဆိုလိုချင်တာပါ။ ဘာသာတရားတိုင်းက ငြိမ်းချမ်းရေးကို လိုလားပါတယ်။ စစ်ပွဲကို လိုလားတာက တစ်ခြားသူတွေပါ” ဟု ပုပ်ဖရန်စစ်က ပြောကြားသည်။

ပုပ်ရဟန်းမင်းသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကက်သလစ်ကျောင်းတော်က ကြီးမှူးသည့် ကမ္ဘာ့လူငယ်နေ့ အခမ်းအနား ကျင်းပမည့် ပိုလန်နိုင်ငံ ကရာကောမြို့သို့ ရောက်ရှိလာခဲ့သည်။ 

နှစ်နှစ် သို့မဟုတ် သုံးနှစ်တစ်ကြိမ် အဆိုပါ အခမ်းအနားကို ကက်သလစ် လူအများစု ရှိရာ နိုင်ငံများတွင် လှည့်၍ ကျင်းပလေ့ရှိသည်။

စစ်ပွဲနှင့် အငတ်ဘေးကြောင့် ထွက်ပြေးလာသူများကို ကြိုဆိုကြရန် ကရာကောသို့ ရောက်ရှိသည်နှင့် ပုပ်ရဟန်းမင်းက ပိုလန်ပြည်သူများကို တိုက်တွန်းခဲ့သည်။ 

ခိုလှုံရန် ဝင်ရောက်လာသူများကို မလိုလားသည့် ပိုလန်အစိုးရနှင့် ပုပ်ရဟန်းမင်းအကြား သဘောကွဲလွဲပြီး တင်းမာမှုများ ရှိနေသော်လည်း ငါးရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းက သူ့ရပ်တည်ချက်အတိုင်း ဆက်လက်နှိုးဆော်သွားဖွယ် ရှိနေသည်။

လေယာဉ်ဆင်းသက်ပြီး နှစ်နာရီအကြာ ဝါဝဲလ်ဘုရားကျောင်းတော်တွင် သြဝါဒစကား ပြောကြားရာ၌ ရဟန်းမင်းက “စစ်ပွဲနဲ့ အငတ်ဘေးက ထွက်ပြေးလာသူတွေကို ကြိုဆိုဖို့ အသင့်ရှိတဲ့ စိတ်ဝိညာဉ်မျိုး ထားရှိဖို့၊ တစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုကို လွတ်လပ်ဘေးကင်းစွာနဲ့ ထုတ်ဖော်ခွင့် အပါအဝင် သူတို့တွေရဲ့ အခြေခံအခွင့်အရေးတွေကို ပိတ်ပင်ခံထားရရှာသူတွေနဲ့အတူ တစ်သားတည်း ညီညွတ်ကြဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဘေးဒုက္ခတို့မှ သက်သာရာရစေရေး အတွက် ဉာဏ်နှင့်ယှဉ်ပြီး မမောပန်းစတမ်း ဆောင်ရွက်ကြရန် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် တစ်ဖြောင့်တည်းသော သဘောထား ရှိကြရန်လည်း ပုပ်ရဟန်းမင်းက တိုက်တွန်းခဲ့သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလက ပိုလန်တွင် ရွေးကောက်ခံခဲ့ရသည့် ဥပဒေနှင့်  တရားမျှတမှုပါတီ ဦးဆောင်သော လက်ယာယိမ်း အစိုးရနှင့် ပုပ်ရဟန်းမင်း အကြားတွင် ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး သိသိသာသာ သဘောကွဲလွဲနေသည်ဟု BBC သတင်းက ဖော်ပြသည်။

ပုပ်ရဟန်းမင်းက ဒုက္ခသည်များအပေါ် ကရုဏာထား၊ ရက်ရောပြူငှာကြရန်  အစဉ်တစ်စိုက် တိုက်တွန်းခဲ့သော်လည်း ပိုလန်အစိုးရကမူ လုံခြုံရေး အကြောင်းပြချက်ဖြင့် အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များ လက်ခံရေးကို ငြင်းဆန်ထားသည်။