News

POST TYPE

NEWS

တာမွေတွင် လူသတ်မှုဖြစ်
26-Jun-2019

ရန်ကုန်၊ ဇွန် ၂၆

တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာပတ်လမ်းတွင် ဇွန် ၂၅ ရက် ညပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ လူငယ်သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးခဲ့သူ ကိုဇာနည်လင်း (၃၀) နှစ်မှာ အခင်းဖြစ်ည ၇ နာရီခွဲက အောင်မင်္ဂလာပတ်လမ်းတွင် လူငယ်သုံးဦး နှင့် စကားများရန်ဖြစ်ရာမှ တံစဉ်းဖြင့် ထိုးခံရသောကြောင့် ဘယ်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သည်။

လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် လူငယ်သုံးဦးကို စုံစမ်းရာ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ပန်းထိမ်ဆိုင်မှ ပန်းထိမ်လုပ်ကိုင်သူများဖြစ်သော အသက် ၁၈ နှစ်အရွယ်ရှိ လှိုင်ဘွား၊ နေရဲလင်းနှင့် သိုက်ကျော်မြင့်တို့ဖြစ်ကြောင်း သိရှိရသဖြင့် အခင်းဖြစ်ည ၁၀ နာရီခွဲတွင် သွားရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းမိသူများကို စစ်ဆေးရာ အခင်းဖြစ်ညက ၎င်းတို့သုံးဦး ဘီယာသောက်ပြီး အောင်မင်္ဂလာပတ်လမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် တစ်ဦးနှင့်တစ်ဦး စနောက်ငြင်းခုံအော်ဟစ်နေသဖြင့် သေဆုံးသူ ကိုဇာနည်လင်းက “မင်းတို့ကောင်တွေ ဘာလို့အော်ဟစ်နေတာလဲ”ဟု ပြောဆိုခဲ့ရာ ၎င်းတို့မှ “ ခင်ဗျားက ဘာကောင်လဲ”ဟု ပြန်လည်ပြောဆိုခဲ့သဖြင့် စကားများရန်ဖြစ်ခဲ့ပြီး နေရဲလင်းက အသင့်ပါလာသော ပန်းထိမ်လုပ်ရာတွင် အသုံးပြုသော တံစဉ်းဖြင့် ထိုးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

S-03