News

POST TYPE

NEWS

ကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး
26-Jun-2019


ရန်ကုန်၊ ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်သော ဇွန် ၂၆ ရက်နေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့၌ ဖမ်းဆီးရမိထားသော အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။

မြန်မာပြည်အောက်ပိုင်းဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ပြီး တရားရုံးပြီးပြတ်ချက် ရရှိပြီးဖြစ်သော အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးကားဝင်းဘေးရှိ ကုန်တင်ယာဉ် ရပ်နားကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

အလားတူ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် ဖမ်းဆီးရမိခဲ့သည့် အမေရိကန်ဒေါ်လာ ၄၂ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့ရွှေမန်းတောင်အားကစားကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းအပြင် အထက် မြန်မာပြည်အဖြစ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သော အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်ရှိ မူးယစ်ဆေးဝါးများကို တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုနှစ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုမှာ ယခင်နှစ်ထက် ပိုမိုမြင့်တက်လာခဲ့သည်။

ထို့ပြင်ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားမြို့တွင်လည်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပြီး ကျပ်သန်းပေါင်း ၁၂၀၆၀ တန်ဖိုးရှိ ဘိန်းဖြူ၊ ဘိန်းမည်း၊ Ice၊ ခရစ်စတယ်စသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သလို ကရင်ပြည်နယ်မှ KNU/KNLA-PC ကလည်း ကော့ကရိတ်မြို့တွင် မူးယစ်ဆေးဝါးအချို့ကို ဖျက်ဆီးခဲ့သေးသည်။

၂၀၁၇-၂၀၁၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး မန္တလေးတွင် အမေရိကန်ဒေါ်လာ ၁၁၃ သန်းကျော်ရှိ မူးယစ်ဆေးဝါးများနှင့် တောင်ကြီးတွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

S-03




  • VIA