News

POST TYPE

NEWS

တပ်ထိန်း ဒုတပ်ကြပ်က မသန်စွမ်း ပိုလီယိုရောဂါသည် နှမ၀မ်းကွဲကို အဓမ္မပြုကျင့်
24-Jun-2019



ပုသိမ်၊ ဇွန် ၂၄

ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်နယ်မြေနှင့် တစ်ဆက်စပ်တည်းရှိနေသော တောင်ယာကုန်း ကျေးရွာတွင် တပ်မတော် (တပ်ထိန်း) ဒုတပ်ကြပ် တစ်ဦးက မသန်စွမ်း ပိုလီယိုရောဂါခံစားနေရသူ နှမ၀မ်းကွဲကို ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယံကံရှင်မိဘများက ပြောကြားသည်။

တပ်မတော် တပ်ထိန်း ဒုတပ်ကြပ် မျိုးဝင်းထွန်းသည် ၄င်း၏ နှမ၀မ်းကွဲတော်စပ်သော အသက် ၃၂ နှစ်ရှိ မွေးရာပါ မသန်စွမ်း ပိုလီယိုရောဂါ ခံစားနေရသူကို မိသားစုများ အိမ်တွင် မရှိချိန် ရောက်ရှိလာပြီး ပြုကျင့်ခြင်းဖြစ်ကြောင်း အနီးပတ်ကျင်မှ သိရှိပြီး ၀ိုင်းဖမ်းသဖြင့် ပြုကျင့်နေသူကို ဖမ်းမိကြောင်း မိခင်ဖြစ်သူက ပြောကြားသည်။

“ကျွန်မ အကိုအရင်းရဲ့သား တပ်ထိန်းတပ်ကပါ၊ သူကိုသတ်ပစ်ချင်တယ် ကျွန်မရင်ထဲမှာ မီးလောင်နေတယ် အရေးယူပေးဖို့ တပ်ထိန်းကိုရော ရဲစခန်းကိုရော တိုင်ထားတယ် ညက ပုသိမ်ဆေးရုံမှာ ဆေးစစ်တယ်၊ ခုဘာပြောရမှန်း မသိတော့ဘူး”ဟု ၄င်းက ဆိုသည်။

အခင်းဖြစ်ပွားသည့် နေအိမ်တွင်းမှ ငိုသံကြားသဖြင့် သွားရောက်ခဲ့ရာ အိမ်တံခါး ပိတ်ထားသဖြင့် အပေါက်မှ အိမ်အတွင်းသို့ ချောင်းကြည့်သည့်အခါ တပ်ထိန်း ဒုတပ်ကြပ်က မိန်းခလေးကို အဓမ္မပြုကျင့်နေသည် တွေ့ရသောကြောင့် အနီးဝန်ကျင်ရှိ နေအိမ်များကို အကြောင်းကြားပြီး ၀ိုင်းဖမ်းခဲ့ကြောင်း ယင်းဖြစ်စဉ်ကို ပထမဆုံးမျက်မြင်တွေ့ရှိသည့် အိမ်နီးချင်းဖြစ်သူက ပြောသည်။

တပ်မတော် တပ်ထိန်း ဒုတပ်ကြပ် မျိုးဝင်းထွန်းကို တပ်အချုပ်တွင် ဖမ်းဆီးထားပြီး ပုသိမ်မြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးလျက်ရှိသည်။

R-12