News

POST TYPE

NEWS

မင်းဘူးနယ်ရှေ့ဟောင်းဆိုက်တူးဖော်မှု ပျူခေတ်ပစ္စည်းများဖြစ်၍ တားမြစ်
24-Jun-2019
ချောက်၊ ဇွန် ၂၄

မင်းဘူး-စကုမြို့နယ်၊ အလံပါယ်ရွာအုပ်စုအတွင်းရှိ ယာမြေများတွင် တူးဖော်နေသည့် ပစ္စည်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ပျူခေတ်ရှေးဟောင်း အမွေအနှစ်ပစ္စည်းများ ဖြစ်သောကြောင့် ဆက်မတူးရန် နောက်ဆုံးအကြိမ် တားမြစ်မိန့် ထုတ်လိုက်သည်။

အဆိုပါ တူးဖော်နေသည့်နေရာသို့ ဇွန်လ ၂၃ ရက်၊ ညနေပိုင်းက မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မကွေးတိုင်း ရှေးဟောင်းသုသေသနဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြိုနယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မကွေးတိုင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစောလွင်က မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သော ရှေ့ဟောင်းအမွေအနှစ် ပျူခေတ်လက်ရာများတွင် မင်းဘူးစကုမြို့နယ်အတွင်းက အကောင်းဆုံးဖြစ်ကြောင်း မှတ်ချက်ပေးသည်။

ဒေသခံများအနေဖြင့် ဆက်လက်တူးဖော်မှုများပြုလုပ်ပါက ရှေ့ဟောင်းသုတေသန ဦးစီးဌာနအနေနှင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားသွားသည်။

လွန်ခဲ့သည့် သုံးလခန့်ကတည်းက ယာပိုင်ရှင်များက လပိုင်းအချိန်အကန့်အသတ်ဖြင့် မြေရောင်းချကာ ရှေ့ဟောင်းဆိုက်တူးဖော်ရာတွင် ပျူခေတ်လက်ရာများဖြစ်သော ပျူပုတီးများအပါအဝင် ပျူရှေးဟောင်းပစ္စည်းအမျိုးမျိုးတွေ့ရှိခဲ့ပြီး ပြန်လည်ရောင်းချရာတွင် ငွေကျပ်တစ်သောင်းမှ သုံးသိန်းကျပ်အထိ ဈေးရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။


  • VIA