News

POST TYPE

NEWS

တွံတေး သုံးလောင်းပြိုင် လူသတ်မှုတွင် ပါဝင်သူ ရာအိမ်မှူးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး
24-Jun-2019



ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ တွံတေးတူးမြောင်းတွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားပြီး ကျန်ခုနှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်း (၄၃) နှစ်နှင့် ဇော်မင်းထွေး (ခ) ပါစတီး (၄၁) နှစ်တို့မှာ ဇွန် ၂၁ ရက် ညပိုင်းက တစ်ရွာတည်းနေ အမျိုးသားလေးဦးကို ကြိုးတုတ်ဖမ်းဆီးပြီး စက်လှေဖြင့် တွံတေးတူးမြောင်းသို့ ခေါ်ဆောင်ကာ သုံးလောင်းပြိုင်လူသတ်မှုကို ကျူးလွန်ခဲ့သည့် အဖွဲ့တွင် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဆိုသည်။

ဓားဖြင့်ခုတ်သတ်ခံရသူ သုံးဦးမှာ ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦး၊ မောင်မောင်နှင့် နိုင်လင်းထွန်းတို့ ဖြစ်ပြီး ဇွန် ၂၁ ရက် ညပိုင်းက သိန်းဇော်ဦး၏ နေအိမ်တွင် သေဆုံးသူ သုံးဦးနှင့် ဖားမျက်လုံးတို့မှာ အရက်သေစာ သောက်စားနေချိန် ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်း အပါအဝင် လူကိုးဦးက ဓားများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး နေအိမ်မှန်ပြတင်းပေါက်များကို ဖျက်ဆီးကာ အရက်သောက်နေသူ လေးဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ လိုက်ခဲ့ရန် ခြိမ်းခြောက်ပြောဆို ခေါ်ဆောင်သွားသဖြင့် သိန်းဇော်ဦး၏ ဇနီးဖြစ်သူက တွံတေးမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ခြိမ်းခြောက်ခေါ်ဆောင်သွားသူ လေးဦးမှာ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဇွန် ၂၂ ရက် ညပိုင်းတွင် ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်းကို တံခွန်တိုင်ကျေးရွာရှိ စက်လှေဆိပ်တွင် ဖမ်းမိခဲ့ပြီး ဇွန် ၂၃ ရက်တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်ခဲ့သူ ဇော်မင်းထွေး (ခ) ပါစတီးမှ သက်သေခံဓားနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံ လာရောက်ဖမ်းဆီးခံခဲ့သည်။

ဖမ်းမိသူ နှစ်ဦးကို စစ်ဆေးရာ လွန်ခဲ့သည့် ငါးရက်ခန့်က သေဆုံးသူ သိန်းဇော်ဦးနှင့် အဖွဲ့မှ ရာအိမ်မှူးဖြစ်သူ ဖိုးထောင် (ခ) ကျင်သောင်း၏ ညီများကို ဓားဖြင့်ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းအား ဓားဖြင့် လိုက်ခုတ်၊ လေးခွဖြင့် ပစ်ခတ်ခဲ့သဖြင့် ထွက်ပြေးခဲ့ရကြောင်းနှင့် ယင်းရန်ကြွေးကို မကျေနပ်သောကြောင့် သိန်းဇော်ဦးအပါအဝင် လေးဦးကို ကြိုးဖြင့်တုတ်၍ စက်လှေဖြင့် တင်ဆောင်ပြီး တွံတေးတူးမြောင်းတွင် သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်တို့ကို ဓားဖြင့် ဝိုင်းခုတ်သတ်၍ ရေထဲပစ်ချကာ ဖားမျက်လုံးကို ဆွေမျိုးတော်စပ်နေသဖြင့် ထိုးကြိတ်ဆုံးမပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။

ဓားဖြင့်ခုတ်သတ်၍ ရေထဲစွန့်ပစ်ခဲ့သည့် ရုပ်အလောင်းများကို ရှာဖွေရာ ဇွန် ၂၃ ရက်နေ့က မောင်မောင်၏ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပြီး ဇွန် ၂၄ ရက်နေ့တွင် သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိသဖြင့် ဖမ်းမိသူ ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်းနှင့် ဇော်မင်းထွေး (ခ) ပါစတီး၊ ထွက်ပြေး လွတ်မြောက်နေသူ ခုနှစ်ဦးတို့ကို တွံတေးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၆၄/၄၅၂/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03