News

POST TYPE

NEWS

လေးလကျော်သက်တမ်းရှိ ကမာကြည်တံတားအမှတ် ၂ ချဉ်းကပ်လမ်း နိမ့်ကျမှုဖြစ်ပွား
20-Jun-2019

ရန်ကုန်၊ဇွန် ၂၀

ဖွင့်လှစ်ထားသည်မှာ လေးလကျော်သက်တမ်းသာရှိသေးသည့် ဒဂုံမြို့သစ်(တောင်ပိုင်း) နှင့် သင်္ဃန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသော ကမာကြည်တံတားအမှတ် (၂) ၏ ချဉ်းကပ်လမ်း နိမ့်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးညီညီထံမှ သိရသည်။

ယခုလက်ရှိတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် သင်္ယန်းကျွန်းမြို့နယ်ဘက်ခြမ်းနှစ်ဖက်စလုံးရှိ ချဉ်းကမ်းလမ်းများမှာ နှစ်လက်မခန့်နိမ့်ကျမှုဖြစ်ပွားနေပြီး ယင်းကမာကြည်တံတားအမှတ် (၂)ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ပြုပြင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တံတားချဉ်းကပ်လမ်းနိမ့်ကျနေတာ တစ်ပတ်ကျော်လောက်ရှိပြီ။ သုဝဏ္ဏဘက်ခြမ်းကတော့ တော်တော်နိမ့်ကျသွားတယ်။ အခုတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေနဲ့အတူ အကြံဉာဏ်တွေလဲ ပေးလာကြတယ်။ ကိုယ်တိုင်ကွင်းဆင်းကြည့်တော့  ၂ လက်မလောက် နိမ့်ဆင်းသွားတယ်။ ကားတွေအနေနဲ့သွားရင်လဲ ဂလုန်းဂလုန်းအသံတွေဖြစ်တယ်။ ပိုပြီးတော့ နိမ့်ကျသွားမှာစိုးလို့ အမြန်ဆုံးပြုပြင်နိုင်ဖို့ လိုအပ်ပါတယ်”ဟု ဦးညီညီကရှင်းပြသည်။

အဆိုပါတံတားကို ၂၀၁၇ ခုနှစ်၊  နိုဝင်ဘာ ၁၅ ရက်နေ့မှစတင်ကာ မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ယင်းကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါ်ယူတွေ့ဆုံကာ ညှိုနှိုင်းဆွေးနွေးသင့်ကြောင်း ဦးညီညီက ဆက်လက်ဆိုသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မိုးကုတ်လမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီနားကို ဆက်သွယ်ထားသည့် ကမာကြည်တံတားအမှတ် ၂ ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့၊ နံနက် ၆ နာရီခွဲမှစတင်ကာ ယာဉ်များကို စတင်ဖြတ်သန်းခွင့်ပေးခဲ့ပြီး ယင်းတံတားကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကမာကြည်တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအကျယ် ၁၁ ဒသမ ၅ မီတာ အကျယ်ရှိကာ နှစ်လမ်းသွားတံတားဖြစ်ပြီး တံတားအရှည်မှာ ၂၅၈ မီတာရှည်လျားကြောင်းနှင့် ကျပ် ၅ ဒသမ ၈ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10